Saturday, February 28, 2009

ဖြတ်သန်းခဲ့သော အချစ်သီချင်းများ

ကျွန်တော် သီချင်းတွေ စအော်ဆိုတတ်တာ ၄ တန်းလောက်ကပေါ့။ အဓိပ္ပါယ် သေချာလည်း မသိအော်ဆိုခဲ့တာက ကိုလွှမ်းမိုးရဲ့ “မှန်ရာကို သစ္စာဆိုပါမည် ဘုရားသခင်ထံ တိုင်တည်ဖူးပါသည်” ဆိုတဲ့သီချင်းပေါ့။

ဒီလိုနဲ့ ကိုးတန်းနှစ်ရောက်တော့ အတန်းထဲက ကောင်မလေးကို စာပေးပြီးပြန်လာတော့ ဆိုတာက မင်းမင်းလတ်သီချင်းကို ဇော်ဝင်းထွဋ်ပြန်ဆိုထားတဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းလေ။ “ကိုပေးခဲ့သော စာရရင် ဘယ်လိုဖြေမယ် ကိုမသိဘူး” ဆိုတဲ့စာသားပါတယ်။

၁၀ တန်းရောက်တော့ အီစီကလီရိုက်နေတဲ့ကောင်မလေးက တခြားဘဲကို ရွေးသွားတော့ ရင်နာနာနဲ့ ဆိုမိတဲ့သီချင်းက ဘိုဘိုရဲ့ “နောက်ကျောကို ဓါးနဲ့ ငါမသိအောင်ထိုးသလား ဇာတ်လမ်းကိုဖြတ်ချင်ခဲ့ရင် အရှင်းဆုံးပြောပါ” ဆိုတဲ့သီချင်းပေါ့။

၁၀ တန်းအောင်ပြီးတဲ့ အချိန်မမကြီးတစ်ယောက်ကို ကြိုက်မိတော့ ထုံးစံ အတိုင်း “မ ကျွန်တော့ဘ၀လေးဟာ မလက်ထဲမှာပဲ” ဆိုတဲ့ အဲလက်စ် သီချင်းပေါ့။

ကွန်ပြူတာ တက္ကသိုလ်စတက်တော့ ပထမနှစ်မှာဆိုခဲ့ရတဲ့ သီချင်းက လေးလေးဝါးရဲ့ တိတ်တိတ်ကလေး ကြေကွဲပေါ့။

လက်တွဲဖော် ချစ်သူလေးဆီက အဖြေရလာတော့ အေးချမ်းမေရဲ့ “ပျော်ရွှင်ခြင်းနိုင်ငံ” ပေါ့။
သူနဲ့ ခနအဆင်မပြေဖြစ်တုံး ဆိုခဲ့ရတာကတော့ ကိုမျိုးကျော့ရဲ့ “မင်းအတွက် စကားလုံးလေးတွေ မင်းအကြောင်းရေးတဲ့ သီချင်းတွေ ……..” ဆိုတဲ့သီချင်းပေါ့။

သူကို ဘ၀ထဲဝင်လာဖို့ ဆိုဖြစ်ခဲ့တဲ့ သီချင်းက ကိုလေးဖြူရဲ့ “ခရီးများအဆုံးထိရှာ” ဆိုတဲ့သီချင်းပေါ့။

ခုလား ခုဘာသီချင်းတွေဆိုနေလဲဆိုတော့ ကိုညီလင်းဆက်ရဲ့ “ကျောင်းတော်သို့ အလွမ်း” သီချင်းလေးလေ။

သီချင်းလေးတွေ ပို့စ်ပေါ်တင်တာ လေ့လာနေတုန်းဖြစ်တာရယ်၊ မရှာဖြစ်တာရယ်ကြောင့် မထည့်ပေးလိုက်ပါဘူး။

ဘ၀ထဲက အားတက်စရာ သီချင်းလေးတွေ အကြောင်းလည်း ရေးပါအုံးမယ်။

ဖောက်ထွက်တွေးခြင်း (၀ါ)ပေါက်ကရတွေးခြင်း

အတွေး (၁) ကိုဟာ အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့သူ မဟုတ်ပါဘူး။ ဒါပေမယ့် ရေကြည်ကြည်သန့်သန့်လေးတွေ တွေ့ရရင်တော့မျက်နှာသစ်ချင်တယ်ကွယ်။


Photo Credits to http://www.inmagine.com/crb304/crb304046-photo

အတွေး(၂) ချစ်သူကို သတိရတိုင်းသာ ပန်းတွေပွင့်မယ် ဆိုရင် ကိုပန်းတွေရောင်းစားပြီး boss ဖြစ်နေပြီ။



Photo Credits to http://www.kievbynatali.com/Flowers/index.php

အတွေး(၃) ကျွန်တော်တို့ Computer Design တွေမှာ WYSIWYG (What You See Is What You Get)ဆိုတာကို တော်တော်သုံးကြပါတယ်။ အပြင်မှာသာ အဲဒီ အတိုင်းရခဲ့ရင် အင်း .... သက်ပြင်းလေးပဲချလိုက်တော့မယ်။ :-)

Sunday, February 22, 2009

အလုပ်အတွေ့အကြုံများ(၁)

စင်္ကာပူမှာ အလုပ်စ၀င်တော့ ပညာရခဲ့တဲ့ အကြောင်းလေးတွေပါ။ ကျွန်တော့်တို့ Client Site မှာက Software Engineer တွေသီးသန့်ရှိပါတယ်။ ကျွန်တော်တို့ ရေးထားတဲ့ Software ကို Testing, Deployment သူတို့ဘာသာလုပ်တာပါ။
သူတို့နဲ့ meeting လုပ်ရလို့ Software မှာ တစ်ခုခုပြင်ချင်ရင်၊ အသစ်ထပ်ထည့်ချင်ရင် ဘယ်လိုပြောလေ့ရှိလဲဆိုတော့

It is too simple. You just do like blah blah ……
ကျွန်တော်လည်း အဲဒီတော့ သူပြောတဲ့ အတိုင်းရိုးရိုလေးပဲ ပြင်ပေးလိုက်ပါတယ်။ သူက Test လုပ်ပြီး မကြိုက်တဲ့ အခါကျရင်

It is not simple like that. You don’t have enough knowledge on this project.
အစပိုင်းတော့ တင်းမိပါသေးတယ်။ နောက်တော့လည်း ကြုံပါများတော့ ရိုးသွားပါပြီ။
တစ်ခါတစ်လေကျရင် တစ်ခုခုပြင်ခိုင်းလို့ ကိုယ်က ကိုယ့်ဘက်မှာ ပြင်ပြီးနေပြီ။ သူက မလိုတော့ဘူး လုပ်ပြန်ရော။ နောက်တော့ တစ်ခုခုပြင်ခိုင်းရင် ၃၊၄ ရက်လောက်စောင့် သူ့ဆီက Email ထပ်မ၀င်မှပဲ ပြင်တော့တယ်။

Introduction

ကျွန်တော် ဘလော့ကို စတင်ရင်းနှီးခဲ့တာ မနိုင်းနိုင်းစနေ ရဲ့စာတွေ အင်တာနက်ကဖေးမှာ စဖတ်မိရာက စတာပါ။ စင်္ကာပူကို ရောက်တော့မှ ကျန်တဲ့ဘလော့တွေကို လိုက်ဖတ်ရင်း၊ ကောမန့်တွေပေးရင်း ကိုယ်တိုင်ရေးချင်စိတ်ပေါက်လာလို့ စတင်ရေးလိုက်ပါပြီ။