Sunday, May 31, 2009

Breakfast and Dinner

"ငှက်ကလေး များတို့ရယ် မနက်ခင်း မိုးလင်းတိုင်းကွယ် သီချင်းများညည်းပြီး ပြတင်းပေါက်ဖွင့်တော့ လောကကြီးတွေ့ရတယ်...
.......
အချစ်ဆုံးမင်းမရှိရင် ရင်မှာ ဟာဆဲပဲ မပြည့်စုံဘူး ချစ်လေးရယ်"

အရင်က နံနက်ခင်းတွေမှာ ဒီလို သီချင်းတွေဆိုပြီး အိပ်ရာက ထနေစရာ မလိုပါဘူး။ နှင်းဆီဖြူလေး ရှိနေတော့ လွမ်းနေစရာ မလိုဘူးလေ။ အိပ်ရာထ ရေချိုးပြီးတာနဲ့ မနက်စာက အဆင်သင့် ဖြစ်နေပြီးသား။ မနက်စာစားရင်း သူနဲ့စကားတွေပြော၊ ပြီးရင် သူ့ကို နှုတ်ဆက် ရုံးသွား .. ၊ လှပတဲ့ နံနက်ခင်းလေးတွေ ပေါ့လေ။

ညနေရုံးက ပြန်ရောက်တာနဲ့ ခုလို Food Court တရုတ်ဆိုင်က ပေါ့ပျက်ပျက်ဟင်းတွေ၊ ကိုယ်တိုင်ချက်တဲ့ ငပိချက်ချက်ရင် ငပိဆီကြော်ဖြစ်သွားတတ်တဲ့ ဟင်းမျိုးတွေ မစားရဘူးလေ။ နှင်းဆီဖြူလေးက အဆင်သင့် ချက်ထားပြီးသား။ ချက်တာနောက်ကျရင် ကျွန်တော်က ဂျစ်သေးတာလေ။ ညစာအတူတူစား စကားတွေပြောရင်း ပျော်နေခဲ့တာ၊ အထီးကျန်ဆိုတာ အကျည်းတန်တွေရဲ့ အလုပ်လို့တောင် ထင်ခဲ့မိသေးတယ်။

ပြောချင်တဲ့ အကြောင်းအရာလေးကတော့ ခုမှလာပါပြီ။ ခေါင်းစဉ်ကို ကြည့်ပြီး မုန့်တွေ၊ ဟင်းတွေ မျှော်လင့်ထားမယ်ဆိုရင် Bonus ကို ကျော်ဖတ်လို့ ရပါပြီ။ :)



Breakfast၊ Dinner စားရင်း စကားပြောဖော် နှင်းဆီဖြူလေး အစား ဖတ်ဖြစ်တဲ့ စာအုပ်တွေပါ။ စိတ်ကူးချိုချို စာအုပ်တိုက်က ထုတ်ထားတာတွေပါ။ ခုတစ်ခေါက် ရွှေနိုင်ငံသွားရင်း စာအုပ်အငှားဆိုင် သွားရင်းတွေ့တာနဲ့ ၂ အုပ်ကို ငှားခဲ့တာ။ ဘယ်လိုမှ မပြီးနိုင်တာနဲ့ စာအုပ်အရောင်းဆိုင်ကနေပဲ ၀ယ်လာခဲ့တယ်။ မြန်မာဝတ္ထုတို(၁၉၁၂-၁၉၆၄) က ၃ တွဲရှိတာပါ။ ကျွန်တော်ဝယ်တဲ့ဆိုင်မှာ ဒုတိတယတွဲပဲ ရှိတာမို့ အဲဒါပဲ ၀ယ်ခဲ့ရတယ်။ နှစ်တွေအလိုက်တော်တော်များများ ထွက်တယ်ထင်ပါတယ်။ ၀တ္ထူတိုကြိုက်တဲ့သူတွေ အဖို့ဝယ်ပြီး သိမ်းထားသင့်တဲ့ စာအုပ်တွေပါ။ စာာမြည်းလေးတွေ နည်းနည်းဖော်ပြပါမယ်။

(
ရွေးကောက်ပွဲ - မန်းတင်

"ယခုရွေးကောက် တင်မြှောက်ခံရသော ကျေးရွာကော်မတီ လူကြီးမင်းများသည် တရားဥပဒေ နှင့်ညီညွတ်စွာ တောင်သူလယ်သမားများအတွက် အဂတိလေးပါး မလိုက်စားဘဲ မတရားမှုများ ပြုလုပ်ပါက ဘေးအမျိုးမျိုးနှင့်တွေ့ပါစေသား"

သစ္စာဆိုပြီးသည်နှင့် တပြိုင်နက် လက်ခုပ်သံများ ဆူညံစွာ ထွက်ပေါ်လာပြီး အိုးစည်ဝိုင်း မှလည်း အားရပါးရ ဖျော်ဖြေတီးမှုတ်ကြလေသည်။

"ဒါပဲနော်ခင်ဗျားတို့ သစ္စာသမာဓိ တည်တည်ကြည်ကြည်နဲ့ လုပ်ကြရမယ်။ မဟုတ်တာများတော့ လုပ်မယ် မကြံနဲ့ဗျ။ ခင်ဗျားတို့ ဘုရားရှေ့သစ္စာဆိုထားတာ " ကိုသာဖန်ကအိုးစည်ဝိုင်းနောက်မှ လက်ခုပ်တီးလိုက်လာရင်းပြောလိုက်သည်။

"လုပ်လည်း ငါတစ်ယောက်တော့ ကိစ္စမရှိပါဘူးကွာ" ဟု ရွေးကောက်ခံရတဲ့ အထဲပါသော သခင်တုတ်ပေါကြီး ကပြောလိုက်လေသည်။

"ဘာဖြစ်လို့ ကိစ္စမရှိရမှာလဲ၊ ခင်ဗျား မဟုတ်တာလုပ်ရင်ဘေးတွေ့မှာပေါ့"
"ဘာပြုလို့ တွေ့ရမှာလဲကွ၊ မောင်သာဖန်တိုင်ပေးတာတွေ ငါမှ လိုက်မဆိုတာ။"

ဟုသခင်တုတ်ပေါက ပြုံးပြုံးကြီးပြောလိုက်လေသည်။....
)

(မိကြိုက်တဲ့တော် - မမြတ်လေး

"တော်.. တော်..၊ တော်ဆိုရင်တော်..၊ ဒီစကားကို နောက်ထပ်မပြောနဲ့၊ ဒီအနေမျိုး နောက်ထပ်မကြားပါရစေနဲ့၊ မိအရင်လို မ"တော်"တော့ဘူး နားလည်လား၊ မကြားချင်ဘူး၊ မမြင်ချင်ဘူး.. မသိချင်ဘူး။ မိအကဲ ကို မစမ်းနဲ့... ဟင်းတော်ဆိုရင်တော်"
)

(သက်တော်ရာကျော် ရှာစေကြောင်း - မောင်ကြည်ရှင်

သားသမီးဆိုတာ ကိုယ့်ဖို့ မဟုတ်ပါဘူး၊ တိုင်းပြည်အတွက် မွေးပေးရတာပါ။ လူမျိုးရေးနဲ့ တိုင်းပြည်အတွက် ထည့်ပြီးတွက်ဖို့လိုပါတယ်...
)

Bonus:
၁) မိလိုက်တဲ့ သားကောင်

ကိုချူချာထံ တစ်ဖက်ရွာမှ မိတ်ဆွေ လာလည်သည်။ ကိုချူချာ၏ အိမ်တွင် ပါးစပ်ကြီး ဟပြဲနေသော ၀က်ဝံဖြူ၏ သားရေ ခင်းထားသည်ကို တွေ့ရာ မိတ်ဆွေက မေးသည်။

"ဒီကောင်ကို ဘယ်နှစ်ခါ ပစ်လိုက်ရသလဲ"
"ဆယ်ခါ"
"ဘယ်နှစ်ခါ မှန်သလဲ"
"တစ်ခါမှ မမှမန်ဘူး"
"ဒါဆို ဒီကောင်ဘာဖြစ်လို့ သေသွားတာလဲ"
"အရယ်လွန်လို့"

၂) သိန်းငှက်
စာကလေးကို ၀ိုင်းမေးကြသည်။
"မင်းဟာ သိန်းငှက်လား"
"ဟုတ်တယ် သိန်းငှက်"
"အဲဒါဆို ဘာဖြစ်လို့ သေးသေးလေးဖြစ်နေတာလဲ"
"ငယ်ငယ်တုန်းက ဖျားခဲ့လို့"

Monday, May 25, 2009

D For Dependant Pass

မနှစ်က သီဟသစ် စင်္ကာပူကို ရောက်လာ အလုပ်ရပြီး ၁ လကြာတော့ နှင်းဆီဖြူလေးကို လှမ်းခေါ်ပါတယ်။ သူဒီကို ရောက်လာတော့ ရွှေနိုင်ငံရဲ့ Human Resources တွေအလကား မဖြစ်စေရန်အလို့ငှာ လည်းကောင်း၊ ဦးနှောက်ယိုစီးမှုတွေ ပီပီပြင်ပြင်ဖြစ်ရန် အလို့ငှာ လည်းကောင်း သူ့ကို ရွေးစရာ ၃ ခုပေးပါတယ်။ ကျောင်းတက်မှာလား၊ အလုပ်လုပ်မှာလား၊ ကလေးယူမှာလားပေါ့လေ။

နံပါတ် ၁ ရွေးစရာကို သူက ငြင်းပါတယ်။ ကွန်ပြူတာ တက္ကသိုလ်မှာ Hons: နဲ့ Master ဆက်တက်တာတောင် သီဟသစ်က နင်ကျောင်းမတက်ရင် ငါတို့ တွေ့ဖို့မလွယ်ဘူးဆိုပြီး ပြောထားလို့ တက်တာဆိုတော့ ကျောင်းဆိုတာကြီးကို သူစိတ်ကုန်နေပြီဆိုပဲ။ ကဲထားတော့။

နံပါတ် ၂ ကျပြန်တော့ သူက ဟိုမှာ အလုပ်အတွေ့အကြုံမရှိခဲ့တာရယ်၊ ၀ါသနာ တအားကြီးမပါတာရယ်ကြောင့် မလုပ်ချင်ပါဘူး တဲ့။ နံပါတ် ၃ ကျတော့လည်း ကလေးအမေ မဖြစ်ချင်သေးဘူး တဲ့။ (ချန်းချန်လေး ရောက်လာတာကတော့ သူရောက်လာချိန်တန်လို့ ပေါ့ဗျာ :D ၊ ဒါလည်းရွှေနိုင်ငံရဲ့ Human Resources အတွက် မျိုးဆက်သစ်လေး မွေးထုတ်ပေးခြင်းပဲနော်။)

အဲဒါနဲ့ သူကအလုပ်လည်း မလုပ်၊ ကျောင်းလည်းမတက် ဆိုတော့ သူ့အတွက် Dependant Pass လျှောက်ပေးပါတယ်။ သူ့အတွက်က ဘာမှသိပ်ရစ်စရာ မရှိဘူးဆိုတော့ တန်းရပါတယ်။ ဒီလိုနဲ့ ချန်းချန်လေး ဗိုက်ထဲရောက်လာ၊နှင်းဆီဖြူကို ရွှေနိုင်ငံ လိုက်ပို့ပြီးတော့ သူနဲ့ အတူပဲ Dependant Pass ကကျန်ခဲ့ပါတယ်။ ခုတစ်ခေါက် ကလေးကို သွားကြည့်တဲ့ အခါထိ အဲဒီကဒ်ကို မယူခဲ့ပါဘူး။ သူကလည်း ဘယ်ထားမိမှန်းမသိဘူးတဲ့။

ရှေ့က နိဒါန်းလေးတွေကို ပြီးအောင်ဖတ်ပေးခဲ့လို့ ကျေးဇူးပါ။ တကယ်ပြောချင်တာက ခုမှ လာပါပြီ။

အဲဒါနဲ့ သီဟသစ် ဒီပြန်ရောက်ပြီး Pass ကိုနောက်တစ်နှစ်အတွက် သက်တမ်းတိုးတော့ MOM က ၂ လစောင့်ရမယ် ဆိုပြီး အကြောင်းပြန်လာပါရော။ ဘာကြောင့်လည်းဆိုတာလဲ တိတိကျကျမပြောပါဘူး။ Pass ကလဲ ၃ ပတ်တောင် မကျန်တော့ဘူး၊ Expire ဖြစ်တော့မှာဆိုတော့၊ အရေးကြီးလာပြီလေ။ ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားကြည့်တော့လည်း ဒီမှာ မဟုတ်တာ တစ်ခုမှ မလုပ်ဖူးသေးပါဘူးပေါ့လေ။

အဲဒါနဲ့ ရုံးက HR ကိုမေးကြည့်တော့ နင့်မိန်းမအတွက် Pass ကို Cancel မလုပ်ရသေးလို့ဖြစ်နိုင်တယ် ဆိုပြီးပြောပါတယ်။ အဲဒါနဲ့ လှမ်းဖုန်းဆက်၊ Pass ကို တွေ့အောင်ရှာခိုင်းပြီး ဒီကို EMS နဲ့ ပို့ခိုင်းရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Cancel လုပ်ပြီးပြီးချင်း ၇ ရက်အတွင်း ကဒ်ကို MOM ကိုပြန်ပို့ရလို့ပါ။ ရောက်လာမှ Dependant Pass ကို ရုံးက Online ကနေ Cancel လုပ်ပေးပါတယ်။ အဲသလိုလုပ်ပြီး နောက်နေ့မှ Approved ဆိုတာဖြစ်သွားပါတယ်။

အဲသလို ဖြစ်တတ်တာကို ခုမှသိလို့ ညီအစ်ကို မောင်နှမတွေ သိထားရအောင် ပြောလိုက်ခြင်းပါ။ မသိသေးတဲ့သူတွေ အတွက်ပါ။ ပိုသိတဲ့သူများရှိရင် ဖြည့်စွက်ပြောခဲ့ပါဗျာ။

P.S:
ရွှေဖိနပ် ၀တ္ထူမှာ သီဟသစ် နဲ့ နှင်းဆီဖြူကို ကလေးရတဲ့ အထိရေးမထားတော့ ချန်းချန်လေး အတွက် နာမည်ကို ကိုယ့်ဘာသာကိုယ် မှည့်ရပါမည်။ အဖေနဲ့ အမေ က ဘုန်းကြီးကို နာမည်ပေးခိုင်းမယ်ပြောတော့ နာမည်ရိုးရိုးကြီးတွေ ထွက်လာမှာစိုးတာနဲ့ ရန်ကုန်က ကွန်ပြူဗေဒ သုခုမ အဖွဲ့ကို လှမ်းမေးထားပါသည်။ နာမည်ရွေးပြီးရင် ညီအစ်ကို မောင်နှမများကို ပြောပြပါမည်။

Bonus:

၁) ချွေတာတဲ့ ကိုချူချာ

ကိုချူချာ အလုပ်မှ ပြန်လာသည်။ ရောက်ရောက်ချင်း မီးဖိုချောင်ဘက်သွားပြီး ရေခဲသေတ္တာကို ဖွင့်သည်။ ချက်ချင်းဆောင့်ပိတ်သည်။ ထို့နောက် မိန်းမကို လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ တုန်လှုပ်ချောက်ချားသွားသည်။ ဘာကြောင့် ရိုက်ပါလိမ့် စဉ်းစားသည်။ အင်း ရေခဲသေတ္တာထဲမှာ စားစရာနည်းနေလို့ နေမှာပဲ။

နောက်နေ့ ကိုချူချာ အလုပ်သွားသောအခါ မိန်းမသည် ဆိုင်သို့ပြေးပြီး ဖွယ်ဖွယ်ရာရာတွေ ၀ယ်သည်။ ရေခဲသေတ္တာတစ်ခုလုံး စားစရာတွေနဲ့ ဖြည့်ထားသည်။ ညနေရောက်သော် ကိုချူချာ ပြန်လာသည်။ မနေ့က အတိုင်း မီးဖိုထဲဝင်ပြီး ရေခဲသေတ္တာ ကိုဖွင့်သည်။ ချက်ချင်ပြန်ပိတ်ပြီး မိန်းမကို လက်သီးစာ ကျွေးသည်။ ရှိုက်ကြီးတငင်ငိုရင်း မိန်းမဖြစ်သူ စဉ်းစားသည်။ ဘီယာမရှိလား လို့များလား။

မနက် ကိုချူချာ ထွက်သွားသွားချင်း ဘီယာ ပြေးဝယ်သည်။ ရေခဲသေတ္တာ ထဲ ထည့်သည်။ ဘီယာအေးအေးလေး သောက်လိုက်ရရင် သူရန်မရှာတန်ကောင်းရဲ့ ဟုတွေးသည်။

ကိုချူချာပြန်လာသည်။ မီးဖိုချောင်ဘက်သွားပြီး ရေခဲသေတ္တာကို ဖွင့်သည်။ မိန်းမဖြစ်သူ ရင်တမမနှင့်စောင့်သည်။ ရေခဲသေတ္တာ ဆောင့်ပိတ်သံ ကြားရသည်။ ကိုချူချာ အခန်းထဲ ၀င်လာပြီး မိန်းမကို လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။

"ရှင်ဘာဖြစ်လို့ ကျွန်မ ကိုရိုက်ရတာလဲ"
"မင်းရေခဲသေတ္တာထဲက မီးကို ဘယ်တော့ ပိတ်မလဲကွ ဟေ"

၂) နေရာကောင်း

ကိုချူချာ သစ်ပင်ပေါ် တွယ်တက်သည်။ ဖြတ်သွားသူက မေးသည်။
"ဟေ့လူ၊ ဘာတက်လုပ်မှာလဲ"
"သရက်သီးစားမလို့"
"ခင်ဗျား ရူးနေသလား၊ ဒါ မန်ကျည်းပင်ပဲဟာ"
"ကျွန်တော့် အိပ်ထောင်ထဲမှာ သရက်သီးပါတယ်ဗျ"

Sunday, May 24, 2009

T For Thiha Thit

သမီးလေးမမွေးလို့ သားမက်မတော်လိုက်ရတဲ့ ညီလေး နေညိုရင့်၊ ချွေးမလောင်းလေးများ ဖြစ်ကြတဲ့ ခခ(မလိခ) နဲ့ ကြည်ဖြူပိုင် တို့က တဂ်လိုက်တာရယ်၊ ကျွန်တော်က ရေးချင်တာကြောင့်ရယ် ရေးလိုက်တာပါ။







တာရာမင်းဝေ - ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နဲ့ကောင်မလေး

သီဟသစ်ဆိုတာ အဲသလို နောက်တီးနောက်တောက် နေတတ်တဲ့ စွယ်စုံရတဲ့ ဇာတ်ကောင်တစ်ယောက်ပါ။ ရွှေဖိနပ် ၀တ္ထူကို စဖတ်ပြီး ကြိုက်ခဲ့တာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် မဂ္ဂဇင်းထဲမှာ အခန်းဆက်ပါကတည်းကပါ။

အဲဒီဇာတ်ကောင်စရိုက်ကို သဘောကျပြီး နာမည်လေးကို သဘောကျတယ်။ သူ့လောက်မစွမ်းပေမယ့် သူ့လိုဖြစ်ချင်ခဲ့တယ်။ အဲဒါကြောင့် ဘလော့ရေးတော့ သူ့နာမည်ကို ယူခဲ့တာပါ။ thihathit.blogspot.com က သူများယူထားပြီးသားဖြစ်နေတယ်။ အဲဒါနဲ့ နာမည်တွေ စဉ်းစားကြည့်တယ်။

အားမာန်သစ်ဆိုတာ သီဟသစ် စာအုပ်ငှားဖတ်နေကျ မန္တလေးတက္ကသိုလ်နား တပ်ဈေးက စာအုပ် အငှားဆိုင်လေးရဲ့နာမည်ပါ။ တစ်ချို့ဂန္တ၀င် စာအုပ်တွေကို မငှားရမှန်း သိရက်နဲ့ ၀ယ်ပြီး သိမ်းထားတတ်တဲ့ ဆိုင်ရှင်အကိုကြီးက လေးစားစရာပါ။ မန်းလေးမှာရှိတုန်းက နေ့တိုင်းသွားငှားဖြစ်ပါတယ်။ အဲဒါလေးကို သတိတရနဲ့ ဘလော့လေးကို အားမာန်သစ်လို့ နာမည်ပေးခဲ့တာပါ။ (အားမာန်သစ် စာပေ ဆိုပြီး စာအုပ်တိုက်ရှိတာကတော့ နောက်မှသိတာပါ။)

ကွန်ပြူတာ တက္ကသိုလ်မှာ တက်တုန်းက မိန်းဆောင်ဘက်က ရီလိုက်ရင် Extension ဆောင်တွေကနေ ကြားရမလောက်ရီတတ်လို့ ၀ါးဟားဟား လို့ နာမည်တွင်ခဲ့ဖူးတယ်။ ကျောင်းမှာ နာမည်တူ နှစ်ယောက်ရှိလို့ ရှေ့ကနေ မြို့နာမည်တပ်ခေါ်တာခံရဖူးတယ်။ ကံကောင်းလို့ သူကြီးသေနတ် တို့၊ ချိန်ဘာ တို့၊ ရာမ တို့နာမည် မတွင်ခဲ့တာတော့ နှင်းဆီဖြူလေးရဲ့ ကျေးဇူးကြောင့်ပေါ့ဗျာ။

ခုတော့ ဘလော့လေးထဲမှာ သီဟသစ်လို့နာမည်မှည့်ထားတော့ လာလည်တဲ့ ညီအစ်ကို မောင်နှမတွေက

သီဟ
ကိုသစ်
သဟသ
ကိုကိုကာကာ
ကိုဂျိုကာ
...

စသည်ဖြင့် စသည်ဖြင့် ခေါ်ကြတာပေါ့ဗျာ။ သားလေးမွေးထားတော့လည်း တစ်ချို့ညီမတွေက ယောက်ခမကြီး ခေါ်ကြသေးတယ်လေ။ နစ်လေးတွေကတော့ ဒီလောက်ပါပဲဗျာ။ နေညို၊ ခခ၊ ချိုမာတို့ ရေ ကျေနပ်ပါကွယ်နော်။

Bonus:
၁) ကြိုက်တာသာပေး
ကိုချူချာ အရောင်းသမကို ပြောသည်။

"ကျွန်တော့်ကို ငါးသေတ္တာ နှစ်ဘူးပေးပါ"
"စပိန်၊ မော်ရိုကို၊ ပေါ်တူဂီ၊ ဘယ်နိုင်ငံက ထွက်တာ ယူမလဲ"
"ကြိုက်တာသာပေးဗျာ၊ အထဲက ငါးနဲ့ ကျွန်တော် စကားပြောမှာမှ မဟုတ်တာ"

၂) မေ့မှာစိုးတယ်

ရဲသင်တန်းကျောင်းမှ ပူပူနွေးနွေးဆင်းလာသော ရဲသား ကိုချူချာသည် ပထမဆုံးအကြိမ် လူဆိုးတစ်ယောက်ကို ဖမ်းမိသည်။

"လက်မြှောက်၊ နို့မဟုတ်ရင်"

လူဆိုးက ပြန်မေးသည်။

"နို့မဟုတ်ရင် ဘာဖြစ်မှာလဲ"
"စကားကို ဖြတ်မပြောနဲ့၊ ဘာဆက်ပြောရမယ်ဆိုတာ ငါမေ့သွားဦးမယ် ဟင်း"

Thursday, May 21, 2009

အောင်မြင်ခြင်းသို့ နာရီ ၁၀,၀၀၀

အောင်မြင်သူ နဲ့ ကျဆုံးသူ၊ ဥာဏ်ကြီးရှင်နဲ့ ငတုံး တို့နောက်ကွယ်မှာ ဘာတွေ ကွာခြားချက်ရှိသလဲ...



သီဟသစ်တို့ရုံးမှာ လူတစ်ယောက် အလုပ်ထွက်တိုင်း ၀မ်းအနည်းဆုံးကတော့ မန်နေဂျာကြီး နေမှာပဲ။ ဘာဖြစ်လို့လဲ Farewell Dinner ဆိုပြီး စားသောက်ဆိုင်မှာ သူက လိုက်လိုက်ကျွေးရလို့လေ။

ဒီနေ့လည်း ရုံးက ဖိလစ်ပိုင်အမျိုးသမီးတစ်ယောက် အလုပ်ထွက်မှာမို့ မန်နေဂျာက အဖွဲ့လိုက်ကို စားသောက်ဆိုင်မှာ လိုက်ကျွေးပါတယ်။ လိုက်ကျွေးဖြစ်ရင်း သူပြောပြတာလေးတွေ ကိုမှတ်ထားပြီး ခုပြန်ပြောပြပါမယ်။

လူတစ်ယောက် အောင်မြင်ဖို့ဆိုတာ သူမွေးခဲ့တဲ့ အချိန်၊ ပတ်ဝန်းကျင်၊ နေရာဒေသ အပေါ်မှာ အများကြီးမူတည်ပါတယ်။ စစ်တမ်းတစ်ခုအရဆိုရင် Feb, March မွေးတဲ့သူတွေက ဟော်ကီ အစရှိတဲ့ အားကစားတွေမှာ ထူးချွန်ပါတယ်။ စဉ်းစားကြည့်ရင် သူတို့ကျောင်းစနေတဲ့ အချိန်မှာ သူတို့က လူကောင်ပိုကြီးနိုင်တယ်။ အဲဒီတော့ ပိုကစားဖြစ်နိုင်ပြီး အားကစားမှာ ထူးချွန်လာနိုင်ပါတယ်။

ဒါပေမယ့် မွေးခဲ့တဲ့ အချိန်၊ ပတ်ဝန်းကျင်၊ နေရာဒေသ ဆိုတာတွေကို သီဟသစ်တို့ ကိုယ်တိုင်ရွေးချယ်ခွင့် မရခဲ့ကြဘူးလေ။ အဲဒီတော့ အောင်မြင်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာ ဆက်ပါရစေ။

အဲဒီ ထူးချွန်တဲ့လူတွေ အကြောင်းပြောရင်းသူက စာအုပ်တစ်အုပ်အကြောင်းပြောပြတယ်ဗျ။ လူတစ်ယောက်အောင်မြင်ဖို့ ဆိုရင် အနည်းဆုံး နာရီ ၁၀, ၀၀၀ လေ့ကျင့်ခဲ့ဖို့ လိုတဲ့အကြောင်းရေးထားတဲ့ စာအုပ်ပေါ့။ Beatles တေးဂီတ အဖွဲ့ကစလို့ Bill Gates ထိ သူတို့ဟာ အနည်းဆုံး နာရီ ၁၀, ၀၀၀ စာ လေ့ကျင့်ခဲ့ကြ၊ ကြိုးစားခဲ့ကြတယ်။ မအောင်မြင်တဲ့သူတွေဟာ များသောအားဖြင့် နာရီ ၅, ၀၀၀ လောက်မှာရပ်သွားလို့ ဖြစ်တယ်။

သီဟသစ်ဆီစာလာဖတ်တဲ့ ညီအစ်ကို မောင်နှမတွေက smart ဖြစ်ပြီးသားမို့ ရေခင်းမပြချင်တော့ပါဘူး။ စာအုပ်ဖတ်မယ်ဆိုရင် link လေး အတိုင်းသာ သွားလိုက်ပါ။
Gladwell Malcolm : Outliers The Story of Success

သူပြောတာ ကြားပြီးတော့ သီဟသစ် စဉ်းစားမိတယ်။ ငါအောင်မြင်ထွန်းပေါက်တဲ့ အခြေအနေကို ရောက်နေပြီလား။ မရောက်သေးဘူး။ အဲဒါဆို ခုလက်ရှိလုပ်နေတဲ့ Professional လိုင်းမှာ နာရီဘယ်လောက်သုံးခဲ့ပြီလဲ။ နာရီ ၁၀, ၀၀၀ မပြည့်သေးတာ သေချာတယ်ဗျ။ သူဆိုလိုချင်တဲ့ နာရီတွေဆိုတာ ဒီအလုပ်တစ်ခုတည်းကိုပဲ စူးစူးစိုက်စိုက် အာရုံတကျလုပ်တာမျိုးကိုဆိုလိုတာ။ အင်း.... အများကြီး ကြိုးစားရအုံးမယ်ဗျ။

ဒီစာလေးကို ဖတ်ဖြစ်တဲ့ ညီအစ်ကို မောင်နှမတွေရော အောင်မြင်တဲ့ အခြေအနေတစ်ခုကို ရောက်နေပြီလား။ နာရီဘယ်လောက်သုံးခဲ့ပြီလဲ.. ဆိုတာလေးကို မေးချင်လိုက်တာ...

P.S အရင်ပို့စ် က ဆေးခန်းနာမည် မရေးတော့ပါ။ "သူလိုလူစား အများကြီး" ဆိုသလိုပဲ တော်တော်များများကြုံနေရတဲ့ ကိစ္စ မို့ပါ။ အားလုံးကို မဆိုလိုပါ။

Bonus:
၁) မှောင်ခိုသမား
အကောက်ခွန်အရာရှိက ကိုချူချာကိုပြောသည်။
"အကောက်ခွန်ဆောင်မလား မဆောင်ဘူးလား"

"ပစ္စည်းတွေ အားလုံးကို ကျွန်တော်မှောင်ခိုသယ်လာတာပဲ၊ ဘာဖြစ်လို့ဆောင်ရမှာလဲ မဆောင်ဘူး"
(အဲဒီလိုများ ရွှေနိုင်ငံက လေဆိပ်မှာ ပြောစမ်းကြည့်ပါလား)

၂)ယောက်ျားတို့ မျက်ရည်
စိန်ရွှေရတနာဆိုင်တွင်ဖြစ်သည်။
လာဝယ်သူ အမျိုးသမီးက ဈေးအကြီးဆုံး စိန်ဘယက်ကို နောက်ဆုံးရွေးလိုက်ပြီး ငွေစက္ကူထုပ်ကို ကမ်းပေးလိုက်သည်။ ဆိုင်ရှင်က ပြောသည်။
"ခင်ဗျား ငွေစက္ကူတွေ စိုနေပါလား"
"ကျွန်မကို ပိုက်ဆံ ထုတ်ပေးတဲ့ အခါမှာ ကျွန်မယောက်ျား မျက်ရည်ကျလို့ပါ"

Sunday, May 17, 2009

ရွှေနိုင်ငံခရီးနဲ့ ဟိုတစ်စ ဒီတစ်စ (နိဂုံး)

အရင်ပို့စ်က ရေးသာရေးလိုက်တာ သူနာပြု အကြောင်းဖတ်ပြီး လာဖတ်တဲ့ ညီအစ်ကို မောင်နှမ တွေ စိတ်ညစ်သွားကြရင်ခွင့်လွှတ်ပါ။ သီဟသစ်လည်း ကြုံခဲ့ရတဲ့ အတိုင်း ရေးလိုက်တာပါ။ နောင်လာနောက်သားများ သတိထားနိုင်ကြစေရန်ပေါ့ခင်ဗျာ။


ဘေဘီလေးနဲ့ နှင်းဆီဖြူ

အဲဒီလို ကလေးကို သွေးစစ် ဓါတ်ကင်လုပ် ဆရာမ ထင်တိုင်းကြဲနေတဲ့ အချိန် အထူးကုဆေးခန်းမှာက သီဟသစ်အမျိုးသမီး နှင်းဆီဖြူ ရယ် သူ့ညီမလေး(ဆေးကျောင်းတတိယနှစ်) ရယ် နှစ်ယောက်ပဲ ရှိတာပါ။ လူကြီးတွေ တစ်ယောက်မှ မရှိကြဘူးလေ။ အဲဒါနဲ့ သီဟသစ်တို့ အမား (နှင်းဆီဖြူ့အမေ)က သူ့သမီးနား ၂၄ နာရီ မပြတ်စောင့်ရမယ် ဆိုပြီး သီဟသစ်ရဲ့ အဖေ နှင့် အမေရယ်၊ အမားရယ် တစ်လှည့်စီစောင့်ကြပါတယ်။ သီဟသစ်ကတော့ MD ဆိုတော့ ၀င်လိုက်ထွက်လိုက် နေလိုက်ပေါ့။ MD ဆိုတာ Motorcycle Driver ပါ။ လူကြီးတွေကို လိုက်ပို့လိုက် လိုတာလေး သွားဝယ်လိုက်ပေါ့။ မအားတဲ့ကြားကပဲ ငှားနေကျ စာအုပ်ဆိုင်ပြေးပြီး စာအုပ်ငှားဖတ်ရသေးတယ်။

အဲဒီနေ့ညနေမှာပဲ အမားက ကလေးအထူးကုဆရာဝန်နဲ့ သူနာပြုဆရာမကို နောက်နေ့က စပြီး မခေါ်တော့ဘူးဆိုတာ ကောင်တာမှာ သွားပြောခိုင်းပါတယ်။ သီဟသစ်သွားပြောတော့ ကောင်တာက Supervisor လိုမျိုးလူတစ်ယောက်က ဘာဖြစ်လို့ မခေါ်တော့တာလဲ မေးတော့ သီဟလဲ ကျွန်တော့ အမားက သူတို့ အသိဆရာဝန်နဲ့ပဲပြတော့မယ် ပြောလိုက်လို့ ဆိုပြီး ပြန်ပြောပါတယ်။ အဲဒီတော့ သူက ခင်ဗျားအမားက ဆရာဝန်လား၊ ခင်ဗျားက ဆရာဝန်လား၊..ဆိုပြီး ဆရာဝန်လားပေါင်းများစွာကိုမေးပါတယ်။ သီဟသစ်လည်း ဆယ်တန်းအောင်တုန်းက ဆေးကျောင်းကို မတက်မိတာကို ပထမဆုံးအကြိမ် နောင်တရမိသလိုလိုဖြစ်သွားပါတယ်။ မဆီမဆိုင် ခင်ဗျားတို့ညီမ 3rd MB က တစ်ယောက်ရှိတယ်ဆို၊သူ့အတွေ့အကြုံနဲ့ ကလေးအထူးကု အတွေ့အကြုံနဲ့ ဘယ်လိုမှ မယှဉ်နိုင်ဘူး ဆိုပြီးပြောသေးတာ။ (ယှဉ်စရာ အကြောင်းမှမရှိတာ) နောက်တော့ ဆရာဝန်မခေါ်ချင်ရင် လက်မှတ်ထိုးဆိုတော့ သီဟသစ်လည်း လက်မှတ်ထိုးခဲ့တာပေါ့။

ဆေးခန်းဆက်ဆံရေးကောင်းပုံက အဲလိုဆရာမ မခေါ်တော့ဘူး သွားပြောပြီး နောက်ပိုင်း သီဟသစ်တို့ကို မကြည်တော့ဘူး။ ဖုန်းလာရင်လည်း ၂ ခါလောက်ခေါ်ပြီးမှ ကောင်တာက လိုင်းလွှဲပေး၊ နေ့စဉ် ဒီနေ့ ဆေးရုံဆင်းတော့မှာလား လှမ်မေး လုပ်တော့တာပဲ။ ဆေးခန်းမှာလည်း ကြိုတင်ငွေသွင်းထားတာပိုနေတော့ ဆေးခန်းက ဆင်းတဲ့နေ့မှာ သူတို့က အမ်းရမှာ ဆိုတော့ သေချာအောင်များ တွက်နေတာလားမသိ။ မနက် ၇ နာရီကနေ စာရင်းကိုရှင်းပေးပါပြောတာ ၁၁ နာရီမှသိရတယ်။ ဆေးခန်းနဲ့ ပက်သက်တာ ဒါလောက်ဆို တော်ပါပြီလေ။ (ဆရာမကို နို့မှုန့်ဝယ်ခိုင်းတာ ဖွင့်ပြီးသား နို့မှုန့်ဘူးကြီး ယူလာပြီး ကလေးကို တိုက်ပြီးတိုင်း ချက်ချင်းအိပ်ပျော်သွားတာတို့၊ နှင်းဆီဖြူရဲ့ ဘေးမှာ ဆရာမက ၀င်ဝင်အိပ်နေတာတို့ မပြောတော့ပါဘူး။ :D)

နောက်ရက်တွေမှာ ၀ယ်လာခဲ့တဲ့စာအုပ်တွေ အကြောင်း ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တွေ အကြောင်းရေးပါ့မယ်..

Bonus:
တွေ့ရင်ပြောမယ်
ကိုချူချာကို လူဆိုးနှစ်ဦး တစ်ဖက်တစ်ချက်မှ ချုပ်ကိုင်ပြီး ကမ်းဆိပ်သို့ အတင်းဆွဲခေါ်လာသည်။

ကိုချုချာ၏ခေါင်းကို ရေထဲနှစ်လိုက်သည်။ ခဏအကြာတွင် ပြန်ပြီးမေးသည်။

"ပိုက်ဆံရှိသလား"
"မရှိဘူး"

ကိုချူချာကို ရေထဲနှစ်လိုက်ကြပြန်သည်။ ပထမအကြိမ်က ထက် အနည်းငယ် ပိုကြာအောင်ထားလိုက်သည်။ ထို့နောက် ပြန်ဖော်ပြီးမေးသည်။

"ရွှေကောရှိသလား"
"မရှိဘူး"

"ခေါင်းမာတဲ့ အကောင်" ဟုပြောပြီး လူဆိုးများ ကိုချူချာကို ရေထဲနှစ်လိုက်ပြန်သည်။ ခဏကြာသောအခါ ပြန်ဖော်ပြီးမေးသည်။

"ပိုက်ဆံမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"ရွှေလည်းမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"အဲဒါဆို ဘာရှိလဲပြော"

"ရေနောက်နေတော့ ဘာမှ မမြင်ရဘူး၊ ကျွန်တော့်ကို ခပ်နက်နက် နှစ်ကြည့်ပါ၊ တွေ့ရင်ပြောပါ့မယ်။"

Wednesday, May 13, 2009

ရွှေနိုင်ငံခရီးနဲ့ ဟိုတစ်စ ဒီတစ်စ (၁)

၁) ရွှေနိုင်ငံရဲ့ လေဆိပ်ရောက်တော့ လ၀က မရောက်ခင် လှေခါးအဆင်းမှာ ဗီဒီယို ကင်မရာ လို ဟာမျိုးနဲ့ ချိန်ရိုက်နေတာ တွေ့ရတော့ ဟာ သီဟသစ်တို့တော့ ရူပါသန့်လို့ ရိုက်ထားတာနေမှာ ဘယ်ဇာတ်ကားထဲများ ထည့်မယ်မသိ လို့တွေးလိုက်သေးတယ်။ နောက်မှ ဂျာနယ်ဝယ်ဖတ်လို့သိရတာ မျက်နှာကို scan လှမ်းဖတ်ပြီး ၀က်တုပ်ကွေး စစ်တာဆိုပဲ။ တို့နိုင်ငံကြီးကလဲ ခေတ်တွေမှီနေပြီ ဆိုပြီး ဂုဏ်ယူရပါ၏။

ဒါနဲ့ လ၀က အရောက် ရှေ့ ကမမ တစ်ယောက်က ၂၀၀၈ ထိပဲ အခွန်ဆောင်လာတယ်ဆိုတော့ ကောင်တာမရောက်ခင် တစ်လအတွင်းပြန်ထွက်မည့်သူတွေကို DForm လုပ်စရာ မလိုအောင် ဖြည့်ရတဲ့ Form ကို ၀တ်ဖြူစင်ကြယ်နဲ့ ကိုကိုလေးက မပေးဘူးတဲ့။ စစ်တဲ့နေရာရောက်မှ ကြည့်ပြောတဲ့။ အဲဒါနဲ့ သီဟသစ်လည်း မမရေ ဘာမှမပူနဲ့ စင်း10ပေးလိုက်လို့ လမ်းညွှန်လိုက်ရသေးတယ်။ ဒီလိုနဲ့ သူလည်းအိုကေသွားရော ဆိုပါတော့။

၂)ညနေရောက်တော့ ဟိုက်ဝေးကားနဲ့ မန္တလေး ခရီးဆက်တော့ ရန်ကုန်-နေပြည်တော် လမ်းသစ်ကြီးက သွားလိုက်တာ မဆိုးဘူး၊ ပိုမြန်တယ်။ မန်းလေးကို ခါတိုင်းထက် ၁ နာရီခွဲ ၂ နာရီလောက် စောရောက်တယ်။ လမ်းမှာ မှတ်ပုံတင်ပြတဲ့နေရာလည်း မဖြတ်ရဘူး။ ဆိုးတာက လမ်းမှာ ဘယ်မြို့ မှ မဖြတ်တော့ စားသောက်ဆိုင်တွေလည်းမရှိတော့ စားရသောက်ရတာ အဆင်မပြေဘူး။ ရွှေမန်းလေးရောက်တော့ ဆိုင်ကယ်တက်စီ ဆွဲတဲ့သူတွေများ ကားတခါးပေါက်ကိုပိတ်ရက်နေတာ ဘယ်လိုထွက်ရမှန်းတောင်မသိ။ သီဟသစ်လည်း ဇွတ်တွန်းပြီး ထွက်လာတာ ၃ ယောက်လောက် အနောက်လန်သွားမှ ထွက်လို့ရတော့တယ်။ မိန်းကလေးတွေများ ဘယ်လိုထွက်ကြတယ်မသိ။ သူတို့ကို အဲလိုမဖြစ်အောင် စောင့်ကြပ်ပေးတဲ့သူတွေရှိတယ် ပြောတယ်။ လူများ ကားများတော့လည်း မနိုင်ဘူးနေမှာ။

၃)ရွှေမန်းလေးရောက်တော့ အဖေ၊အမေ တို့ကလည်း သီဟသစ်တို့ဇာတိမြို့ကနေ ရောက်ခဲ့ပြီဆိုတော့ အထူးကုဆေးခန်းသွား ကလေးကြည့်ကြတာပေါ့ဗျာ။ လေယာဉ်စီးဖို့ရာ ဒီမှာစောစောထရတာနဲ့ တစ်ညလုံး ကားစီးခဲ့ရတာနဲ့ ဆိုတော့ သီဟသစ်တို့လည်း ကြာကြာမနေနိုင်ဘူး။ တည်းတဲ့နေရာ ပြန်လာကြပြီး အိပ်ကြရော ဆိုပါတော့။ ညနေလည်းရောက်လို့ ဆေးခန်းသွားပြီး ကလေးထပ်ကြည့်တော့ နှင်းဆီဖြူကလည်း ငိုထားတယ်။ ကလေးလေးကလည်း မနက်ကကြည့်တုန်းက လေးဖြူလောက်နီးနီးအသံနဲ့ Rock ဆန်ဆန်ငိုနေရာကနေ ညနေကျတော့ အာဇာနည် Pop သီချင်းဆိုသလောက်တောင် အသံမထွက်တော့ဘူး။

ဘာဖြစ်လို့လဲမေးကြည့်တော့ သီဟတို့ပြန်သွားပြီးနောက် ကလေးအထူးကုဆရာဝန်လာပြီး ကလေးကို အသည်းရောင် အသားဝါရှိမရှိ စစ်မယ်ဆိုပြီး သွေးကို ပင်နီဆလင် ပုလင်းနဲ့ တစ်ပုလင်းထုတ်သတဲ့။ မွေးခါစကလေးလေးမှာ သွေးဘယ်လောက်များများရှိမှာ မို့လဲ။ ကလေးကလည်း ရုန်းရင်းကန်ရင်း ငိုရင်းနဲ့တော်တော်မောသွားမှာပေါ့။

အဲဒါပြီးတော့ သွေးစစ်တဲ့ အဖြေမသိရသေးဘူး။ Special Nurse က ကလေးကို အသားဝါရှိတယ်၊ ဓါတ်ကင်မယ် ဆိုပြီး မီးချောင်းတွေနဲ့ မီးပြတဲ့ဟာ ယူလာပြီး ကလေးကို ထည့်ထားရောတဲ့။ ရာသီဥတုကလည်း တအားပူနေတဲ့ အချိန်ကြီးကို။ နှင်းဆီဖြူကနေ ကလေးကို ထုတ်ပေး၊ နို့တိုက်မယ် ဆိုတာကို ဆရာမက ထုတ်မပေးဘူးတဲ့။ အဲဒါနဲ့ သူလည်းငိုပြီး ကောင်တာလှမ်းဖုန်းဆက်တိုင်တော့မှ ထုတ်ပေးတာတဲ့။ ကလေးက မျော့မျော့လေးရှိတော့တာ။ အဲဒါကို သတိရအောင် ဆိုပြီး သူနာပြုဆရာမက ကလေးလေးကို ခြေထောက်တွေချိုး နားရင်းတွေအုပ်လုပ်သတဲ့။ နောက်မှ OG ဆရာဝန်မကြီး ရောက်လာမှပဲ ကလေးလေးကို အေးအေးလေးနေအောင် ထားလိုက်မှပဲ ကလေးက သတိရလာတာဆိုပဲ။

ဆက်ရန်.....
P.S အရင်ပို့စ်မှာ ကောမန့်ပေးပြီး Champ Champ လေးကို အားပေးကြသော ညီအစ်ကို မောင်နှမ အားလုံးကို ကျေးဇူးတင်ပါသည်။ ယောက္ခမဟု ခေါ်သော ညီအစ်မများ၊ သမီးလေးမမွေးလို့ စိတ်မကောင်းသော ညီအစ်ကို များကိုလည်း ကျေးဂျူးတင်ပါ၏။

Bonus:
၁) မြိုရခက်ကြီး
ထမင်းဝိုင်းအနားတွင် ရပ်လျက် အန်တီမြက ဧည့်သည်များကို ပြောသည်။
"စားကြပါနော်။ အားမနာပါနဲ့။ ဒါနဲ့ ဦးဘမောင် ကြက်သား တတိယတုံး ယူလိုက်ပါအုံး။ ဘယ်သူဘယ်နှစ်တုံး စားတယ်ဆိုတာ ကျွန်မ မမှတ်တတ်ပါဘူးရှင်"

၂)တစ်ယောက်မှ မရှိပါ
လူဆိုးများ လက်မှ လွတ်အောင် ကိုချူချာပြေးရင်း ရေတွင်းထဲ ဆင်းပုန်းသည်။ လူဆိုးဂိုဏ်းခေါင်းဆောင်က ရေတွင်းထဲ ကြည့်ပြီး အော်သည်။

"တစ်ယောက်ယောက်ရှိသလားဟေ့"

ကိုချူချာက ပဲ့တင်သံပုံစံဖြင့် ပြန်အော်သည်။

"တစ်ယောက်ယောက်ရှိသလားဟေ့၊ တစ်ယောက်ယောက်ရှိသလားဟေ့"

"တစ်ယောက်မှ မရှိဘူးထင်တယ်"

"တစ်ယောက်မှ မရှိဘူးထင်တယ်၊ တစ်ယောက်မှ မရှိဘူးထင်တယ်"

"ဗုံးတစ်လုံး ပစ်ချလိုက်ရင် ကောင်းမလား"

"မပစ်နဲ့၊ မပစ်နဲ့ တစ်ယောက်မှ မရှိတာပဲ"

Monday, May 11, 2009

ချန်းချန် @ Champ Champ @ Our New Hope

အရင်ပို့စ်တွေမှာ နှင်းဆီဖြူ ဘာကြောင့် ရွှေနိုင်ငံကို ပြန်သလဲ ဆိုတာရယ်၊ ကျွန်တော် ဘာကြောင့်ပြန်သလဲဆိုတာလဲ ဆိုတာ တမင်သက်သက်မရေးခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ မျှော်လင့်ခြင်းလေးရဲ့ ပုံနဲ့ တွဲတင်ရင်းမှ ပြောချင်လို့ပါ။

ကလေးစရှိပြီး ၆ လ ကျော် ၇ လ အတွင်းမှာ ကျွန်တော် နှင်းဆီဖြူကို ရွှေနိုင်ငံ ပြန်လိုက်ပို့ပါတယ်။ ဒီမှာ မွေးရင် သူ့ကို ပြုစုစောင့်ရှောက်မယ့် လူကြီး မရှိလို့ပါ။ ဟိုမှာဆိုတော့ ကျွန်တော့်မိဘတွေရော သူ့မိဘတွေပါ သူ့ကို ကြည့်ပေးနိုင်တယ်လေ။


ရှုး တိုးတိုး သူလေး အိပ်နေတယ်


လက်သည်းလေးတွေက ရှည်လာပြီး သူ့အမေကို ကုတ်တတ်လို့ လက်အိတ်စွပ်ပေးထားတာ

ကျွန်တော်နှင့် နှင်းဆီဖြူတို့ရဲ့ ပထမဆုံး မျိုးဆက်သစ်လေးပေါ့။ သူလေးကို 30/04/2009 12:36:20 A.M မှာ မွေးတာပါ။ ၆ပေါင် ၁၃ အောင်စ ရှိတယ်ဗျ။ ကျွန်တော်က ၂ ရက်နေ့မှ မန္တလေးရောက်တာဆိုတော့ သူ ၂ ရက်သား ရှိမှ စတွေ့ရတာပေါ့။

Bonus 1 မှာလို နှင်းဆီဖြူလေးကို ပြောမထားပေမယ့် ကျွန်တော်နဲ့တော်တော်တူတယ် ပြောကြတယ်။ မျက်လုံးရယ်၊ နှာခေါင်းရယ် ၊ ပါးစပ် ရယ်ပေါ့ဗျာ။ နှုတ်ခမ်းနဲ့ မေးစေ့ကျတော့ ကျွန်တော့်အမေနဲ့တူတယ်ဗျ။ နှင်းဆီဖြူတို့ဘက်နဲ့တူတာဆိုလို့ လောလောဆယ် အသားအရေ နဲ့စိတ်ကြီးတာပဲရှိတာ။

ကိုယ့်ကလေးဆိုပေမယ့် ချီရတာ အူယားလို့ သိပ်တောင် မချီလိုက်ရဘူး။ သူကလည်း ချီထားတာ သက်တောင့်သက်သာမဖြစ်ရင် အော်ငိုတာဗျ။ တစ်ခါတစ်လေကျတော့ လည်း သူ့နှုတ်ခမ်းလေးက ပြုံးနေသလိုမျိုးလေးတွန့်တွန့်သွားသေးတယ်။ ပါးချိုင့်လေး တစ်ဖက်ပါတယ်ဗျ ညာဘက်မှာ။ မျက်ခုံးတွေလည်းပင့်ပင့်နေသေးတာ။

ခုတော့ နှင်းဆီဖြူနဲ့ Champ Champ တို့ ရွှေနိုင်ငံမှာပဲ ကျန်ခဲ့ပါတယ်။ သူလေးတစ်နှစ်လောက်ရှိမှ ဒီကိုခေါ်ဖြစ်မယ်ထင်တယ်။ သူမွေးတဲ့အချိန် ကျွန်တော်လာကြည့်တယ်ဆိုတာ သူကြီးလာရင်ပြရအောင်လို့ မိသားစု ၃ ယောက် ဓါတ်ပုံကလည်း ရိုက်ရသေးတယ်ဗျ။

နှင်းဆီဖြူလေးကို မှာခဲ့တယ် ကျွန်တော့်ပုံ သူ့ကို ပြပြပေးဖို့။ တော်ကြာ ကျွန်တော်နဲ့ပြန်တွေ့တဲ့ အချိန် ဦးဦး ခေါ်နေမှာစိုးလို့။ အကိုဝမ်းကွဲ တစ်ယောက် အဲလို တကယ်ကြုံဖူးတယ်။

ခုသိချင်နေတာ ကလေးလေးတွေ အိပ်တဲ့ အချိန်ဘာကို အိပ်မက်မက်သလဲဆိုတာပဲ။ အရင်ဘ၀က အကြောင်းတွေလား ခုဘ၀အကြောင်းပဲလားမသိ..

သတိ။ ။ ဘလော့ဂါ အပျိုကြီးမမများ ယောက္ခမ မခေါ်ကြရန် ကြိုတင် သတိပေးလိုက်သည်။

P.S
၁) ဘောနပ်စ်ရေးဖို့ မောင်ကောင်းထိုက် စာအုပ်တွေ ၀ယ်ခဲ့ပြီမို့ ဘောနပ်စ် ဖတ်ရမှာ မပူကြပါရန်...
၂) Bonus 2 လိုမကြုံအောင်တော့ နှင်းဆီဖြူကို သေချာမှာခဲ့တယ်။

Bonus
1) အဖေဖြစ်မယ့် ကိုချူချာ

ကိုချူချာသည် အလွန်ရုပ်ဆိုးသူဖြစ်သည်။ မိမိအရုပ်ဆိုးကြောင်းသိ၍လည်း မှန်တောင် သိပ်မကြည့်ပေ။

တစ်နေ့ ကိုယ်ဝန်ရှိနေသူ ဇနီးသည်က ကိုချူချာ၏ မျက်နှာကို သေချာကြည့်ပြီးပြောသည်။

"ကျွန်မတို့ဆီမှာ သားသမီးရတနာ ရမယ်ဆိုတဲ့ အတွက် ၀မ်တော့သာပါရဲ့ ။ ဒါပေမယ့် ကလေးဟာ ရှင်နဲ့တူနေမယ်ဆိုရင်တော့ ဒုက္ခပဲ"

ကိုချူချာ အသံမာမာနဲ့ မိန်းမကို ပြန်ပြောသည်။

"ကလေးဟာ ငါနဲ့တူနေရင် စိတ်မကောင်းစရာပေမယ့် ဖြေသိမ့်လို့ရသေးတယ်။ အေး.... ငါနဲ့မတူလို့ကတော့ မင်းဒုက္ခလှလှတွေ့ပြီသာ မှတ်ပေတော့"

2) ခွင့်ပြုပါ
စိတ္တဇဆေးရုံရှေ့ ကားမှတ်တိုင်တွင် အမျိုးသမီးတစ်ယောက် သူ့ကလေးလေးကို ချီရင်းကားစောင့်နေသည်။ ထိုစဉ် ဆေးရုံဝင်းထဲမှ လူတစ်ယောက်ထွက်လာကာ ကလေးလေးကို သေချာကြည့်ရင်း ပြောလိုက်သည်။

"ကလေးလေးက ချစ်စရာကောင်းလိုက်တာနော်။ ကျွန်တော့ကို နမ်းခွင့်ပေးပါလားခင်ဗျာ"
ထိုအခါ အမျိုးသမီး ကလေးချစ်သောစိတ်ဖြင့် ယဉ်ယဉ်လေးရူးနေသူ ထင်မှတ်၍ ရပါတယ်ဟု ပြောလိုက်သည်။

ထိုသူက ကလေးကို မနမ်းပဲ အမျိုးသမီးကို နမ်းကာ ထွက်ပြေးသွားလေ၏။..(ဆိုးပါ့)