Wednesday, July 29, 2009

အိပ်မက်တို့ မွေးဖွားရာမြေ

ဟိုးအဝေးက မြို့ငယ်လေး ကိုယ့်ဘ၀ရဲ့နှလုံးသားတစ်ခုပဲ .…....
တောက်ပတဲ့ လင်းရောင်ခြည်များ စိမ်းလဲ့တဲ့တောင်ပြာတန်းတွေ

ဆိုတဲ့ထူးအယ်လင်း သီချင်းလေးနဲ့ညီတဲ့ နှင်းဆီဖြူလေးရဲ့ဇာတိ ချန်းချင်လေးတို့ရှိရာ မိုးညှင်းမြို့လား?

ဆည်းဆာနေညိုချိန်မှာ ဧရာဝတီမြစ်ကမ်းနဘေးက
ငွေယောင်ယံကမ်းရဲ့ အထက်မှာ
မကွေးမြို့စွန် မြသလွန်ကို အတူဖူးခဲ့တာတွေ

ဆိုတဲ့ အောင်သူသီချင်းလေးထဲက ကိုယ့်ရဲ့ဇာတိ၊ မိဘတွေ နေထိုင်ရာ မကွေးမြို့လား?

အဲဒီမြို့ ၂ မြို့လုံးမှာ အခြေချနေထိုင်ချင်စိတ်မရှိဘူး ဆိုရင် သီဟသစ်ကို အပြစ်တင်ကြမလား မသိ။ တကယ် သီဟသစ်ရင်ထဲမှာ ရှိနေတဲ့မြို့က

ငါ့အိပ်မက်များ ဟိုးအတိတ်ဆီ လွင့်မျောမိ ၁၀ စုနှစ် ..

နဲ့စတဲ့ အငဲ သီချင်းလေးထဲက မန္တလေး မြို့ပါပဲ။

မွေးကတည်းကနေ ဆယ်စုနှစ် ၂ ခုလောက် နေလာတဲ့ မကွေးမြို့ထက် ၈ နှစ်လောက် နေလာခဲ့တဲ့ မန္တလေးမြို့ကို ဘာကြောင့်သဘောကျသလဲဆိုတာ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်တော့ လူငယ်ဘ၀မှာ တကယ်ပျော်ရွှင်ခဲ့၊ တက္ကသိုလ်တက်ခဲ့၊ အိပ်မက်တွေ စမက်တတ်ခဲ့တဲ့ မြို့မို့လို့ပါပဲ ဆိုတာတွေ့ရတယ်။

မန္တလေးမြို့ကို စရောက်ဖူးတာ တက္ကသိုလ်မတက်ခင် 1998 ခုနှစ် 9 လပိုင်းလောက်က သင်တန်းတက်ဖို့ စရောက်ခဲ့တာပါ။ စစချင်းကြုံရတဲ့ မန္တလေးစကားကတော့ တစ်ပြ၊နှစ်ပြဆိုတာပါ။ ရန်ကုန်က တစ်ဘလောက်၊ နှစ်ဘလောက်လို ဟာမျိုးပါ။ သူငယ်ချင်းရဲ့ ဆွေမျိုး ဘုန်းဘုန်းက ရှေ့တစ်ပြပါကွ ရှေ့တစ်ပြပါကွ နဲ့ ခေါ်သွားတာ ခြေကိုညောင်းရော။ တော်တော်ကို အီသွားတယ်။ (အဲဒါနဲ့ မန္တလေးသားတွေ မကွေးလိုက်လည်တော့ ဘယ်ရမလဲ တစ်ကွေ့ တစ်ကွေ့ဆိုပြီး ခေါ်ပြီးလျှောက်ခိုင်းပစ်လိုက်တယ်။ တကယ်က မကွေးမှာ တစ်ကွေ့ဆိုတာ မသုံးပါဘူး။ သီဟသစ်က သူတို့ကိုစချင်လို့ ပြောလိုက်တာပါ။)

နေတာက မြို့သစ်ဘက်ဆိုတော့ သင်တန်းကိုသွားဖို့ လိုင်းကားစီးရပါတယ်။ မှတ်တိုင်ကနေ သင်တန်းရှိရာဘက်ကို ဘယ်လိုမှတ်လဲဆိုတော့ ရှမ်းတောင်တန်းကြီးတွေ ရှိတဲ့ဘက်လို့ မှတ်ထားပါတယ်။ ရောက်တာမကြာသေးဘူး ဆိုတော့ အရှေ့အနောက်မခွဲတတ်ဘူး။ အဲဒါနဲ့ တစ်နေ့ကျတော့ မိုးတွေတအားရွာရော ရှမ်းတောင်တန်းကြီးလည်းပျောက်၊ မျက်စိတွေလည်ပါလေရော။ ဟိုလျှောက်ဒီလျှောက်လုပ်ပြီးမှ သင်တန်းကို ပြန်တွေ့တော့တယ်။

မန္တလေးမှာ အရှေ့ပြင် အနောက်ပြင် တောင်ပြင် မြောက်ပြင် ဆိုပြီး နန်းတော်ကြီးကို ဗဟိုထားပြီး အရပ်တွေကို နာမည်မှည့်ထားတာ သီဟသစ်မနေဖူးတာဆိုလို့ မြောက်ပြင် တစ်ခုပဲ ကျန်ပါတယ်။ နန်းတော်ကြီးကိုတော့ အတွင်းပိုင်းထက် အပြင်က မြို့ရိုးနဲ့ ကျုံးရှုခင်းကို ပိုပြီးသဘောကျပါတယ်။ တစ်ခါလားဟာ မီးသတ်ကားက ကျုံးဘေးမှာ ရပ်ပြီး ရေထည့်နေတာကို ကျုံးထဲက ရေတွေကုန်မှာစိုးလို့ ထပ်ဖြည့်ပေးနေတာလား ဆိုပြီးတော့လည်း ရွှေဥာဏ်တော်စူးရောက်စွာ တွေးခဲ့ဖူးပါတယ်။



Credits to http://www.flickr.com/photos/meckleychina/2264860362/

မန္တလေးကိုကြိုက်တဲ့တစ်ချက်က စက်ဘီးဆိုင်ကယ်ရှိရင် ဘယ်နေရာမဆို သွားလို့ရတာကိုပါ။ ကျောင်းသားဘ၀တုန်းက စက်ဘီးနဲ့ပဲ တစ်မြို့လုံးပတ်နေတာပါ။ ဘုရားကြီး၊ မန္တလေးတောင်၊ စန္ဒာမုနိ ဘုရား ၊ ကျောက်တော်ကြီး ဘုရား ၊ ကုသိုလ်တော်ဘုရား ၊ အတုမရှိကျောင်းတော်ကြီး၊ ရွှေကျောင်း စုံလို့ပါပဲ။ နည်းနည်းလှမ်းတဲ့ ဦးပိန်တံတားထိ လည်းရောက်ပါတယ်။ တစ်ခါတစ်လေ စစ်ကိုင်းမြို့ကိုတောင် စက်ဘီးနဲ့ သွားချင်သွားတာပါ။ ဘယ်လိုနင်းလဲ မမေးပါနဲ့။ စက်ဘီးကို လိုင်းကားပေါ်တင်သွားတာပါ။ (မြန်မာပြည် သိန်းတန် သီချင်းထဲက ဘုရားကြီးနဲ့ အိမ်တော်ရာ တနင်္ဂနွေ နေ့တိုင်း ဆီမီးကပ်လှူတာ ဆိုတဲ့ သီချင်းလေးကို မန္တလေးရောက်မှ ပြန်စဉ်းစားကြည့်တာ နည်းနည်းလွဲနေသလိုပါပဲ။ နည်းနည်းလှမ်းတဲ့နေရာ နှစ်ခုကို တစ်ရက်တည်းသွားတယ်ဆိုတော့ သူတို့ခေတ်က ကိုယ်တွေထက် ခြေရှည်ပုံရပါတယ်။)


မြန်မာမှုလက်ရာတွေနဲ့ ရွှေကျောင်းကြီး ရဲ့ပုံပါ

Credits to http://www.flickr.com/photos/10186213@N07/2343509987/




Credits to http://nettar.myanmarbloggers.org/2007_05_01_archive.html


စန္ဒာမုနိ ဘုရားပါ။ ဘုရားထဲမှာ တူတူပုန်းတမ်းကစားရတာ ပျော်စရာကောင်းပါတယ်
http://www.flickr.com/photos/14152780@N08/1433236163/in/photostream/

ပြင်ဦးလွင်နဲ့နီးတာကလည်း ပျော်စရာတစ်မျိုး ကောင်းပါတယ်။ ကျောင်းနည်းနည်းအားတာနဲ့ ပိုက်ဆံစု ကားငှားပြီး တက်ကြတာပါ။ ဓါတ်တော်ချိုင့်ရေတံခွန်၊ ပွဲကောက်ရေတံခွန်၊ ပြည်ချစ်ဘုရားဖူး အနှံ့ပါပဲ။ ပြင်ဦးလွင်အလွန်က သုံးထပ်ရေတံခွန်ကိုတော့ ကျောင်းပြီးမှ ရောက်ဖြစ်တာပါ။ တက္ကသိုလ် ကျောင်းသားဘ၀က သူငယ်ချင်းစုံတွဲကိုလည်း သတိရပါတယ်။ ကောင်လေးက ကားရှိတော့ သူတို့ရည်းစားမဖြစ်ခင်တုန်းက တစ်ဖွဲ့လုံးခေါ်ပြီး ပြင်ဦးလွင်တက်ကြတာပါ။ သူတို့လည်းရည်းစားဖြစ်ရော ငြမ်းလေးတွေ ကျန်ခဲ့ရောပေါ့လေ။

ရေးရင်းနဲ့ အရှိန်ရပြီးနည်းနည်းရှည်သွားလို့ ခွဲရေးပါရစေ..
ဆက်ရန်..
ခင်မင်စွာဖြင့်
သီဟသစ်

Saturday, July 25, 2009

စပျစ်သီးလေး ချဉ်သလား

ကျွန်တော်တို့ ငယ်ငယ်က စပျစ်သီးချဉ်တဲ့ မြေခွေးလေး အကြောင်းပုံပြင်ဖတ်ခဲ့ဖူးပါတယ်။ အားလုံးလဲဖတ်ဖူးကြလိမ့်မယ် ထင်ပါတယ်။ အဲဒီအခါတုန်းကတော့ ပုံပြင်လေးကပေးတဲ့ တိုက်ရိုက်အဓိပ္ပါယ်ကိုပဲ ယူခဲ့တာပါ။

အရင်တုန်းကတော့ မြေခွေးလေးကို အဆိုးမြင်သမားလေးလို့ ထင်ခဲ့မိတယ်။ တကယ်စဉ်စားကြည့်တော့ တစ်ခါတစ်လေကျတော့လည်း အဲလိုတွေးလိုက်တာပဲ ကောင်းသလိုလို ထင်မိတယ်။ ကိုယ်မရနိုင်တဲ့ဟာ၊ တန်တယ်မထင်တဲ့ဟာ တစ်ခုအတွက် စိတ်ဆင်းရဲခံ မနေတော့ဘူး။ တစ်ခုတော့ရှိတယ်ပေါ့ဗျာ။ ကိုယ့်ဟာကိုယ် ချဉ်တယ် လို့ ယူဆလိုက်ရုံအထိပဲ ကောင်းပါတယ်။ အဲဒီစပျစ်သီးက ချဉ်တယ်ကွ လိုက်ပြောနေရင်တော့လည်း မကောင်းပြန်ဘူးဗျ။ စပျစ်သီးချိုနေတဲ့သူတွေ စိတ်အနှောင့်အယှက်ဖြစ်ကုန်မှာပေါ့။

အဲဒီအတွေးလေး စတွေးမိတာ တက္ကသိုလ် စတက်တုန်းကတည်းက တိုင်ပါ။ ကိုယ်နဲ့ အဝေးကြီးက တစ်ချို့တွေကို နဂိုကတည်းကတိုင် စိတ်ကူးထဲမထည့်အောင်နေပါတယ်။ အဲဒီအတွေးလေးက အကျင့်တွေပါလာတော့ တစ်ခုခုက ဈေးမတန်ဘူး၊ ကိုယ်နဲ့မဆိုင်ဘူး ထင်ရင် auto ချဉ်တဲ့ အကျင့်ပါသွားပါတယ်။ ဥပမာ..



နောက်တော့ ...။ ... စသည်ဖြင့် စသည်ဖြင့် ပေါ့လေ။

အဲဒီလို အတွေးတွေတွေးရတာ သီဟသစ်တော့ စိတ်ချမ်းသာပါတယ်။ ငါတော့ မ၀ယ်နိုင်ဘူး၊ မသွားနိုင်ဘူး၊ မ၀တ်နိုင်ဘူး၊ စဉ်းစားမနေတော့ဘူး။ သူများတွေလုပ်နိုင်ရင် မုဒိတာပွားနိုင်တဲ့ အခါပွားလိုက်၊ မပွားနိုင်ရင် စပျစ်သီးချဉ်လိုက်ပေါ့လေ။

ဆိုင်လား မဆိုင်လားတော့မသိဘူး။ ပြောရရင် အရင်ကတည်းက ၀ထ္ထုဖတ်ရင် လွန်းထားထားတို့ ရှင်မိုးတို့ဆို လုံးဝလောက်နီးနီး မဖတ်ပါဘူး။ အစ်မတွေ စာအုပ်ဆိုင်က ငှားလာလို့ ဖတ်မိရင်လည်း ခဏဖတ်ပြီးရင် လွှင့်ပစ်ပါတယ်။ အရမ်းချမ်းသာ၊ မိုးပျံအောင်တော်၊ ရုပ်ကလည်း အရမ်းလန်ထွက်နေအောင်ချော ကိုယ်နဲ့ဘာဆိုဘာမှ မဆိုင်ကိုး။ ချဉ်ပစ်လိုက်ရောပေါ့။ အဲဒီတော့ စိတ်ကူးယဉ်ရအောင်လို့ ဆိုရင် ရှား ၀ထ္ထုတွေ ဖတ်တာများတယ်။ သူ့ဇာတ်ကောင်တွေက လူလတ်တန်းစားတွေများတော့ ကိုယ်က စိတ်ကူးယဉ်လို့ရတယ်လေ။

တစ်ခုတော့ ရှိပါတယ်။ ပုံပြင်မှာ ပြောချင်တဲ့ ဆိုလိုရင်းက လူတွေက တစ်ခုခုကို အောင်မြင်အောင်မလုပ်နိုင်ရင် ဆင်ခြေပေးစရာ ရှာလေ့ရှိတယ်တဲ့။ သီဟသစ်က တခြားတစ်နေရာဘက်က တွေးထားလို့ပါ။ နဂိုဆိုလိုရင်းလေးကိုလည်း လက်ခံသင့်ပါတယ်။ သီဟသစ်ဆိုလိုချင်တာက ကိုယ်နဲ့မဆိုင်တာ တစ်ချို့ကို နဂိုကတည်းက ချဉ်ထားလိုက်။ ကိုယ်လိုချင်တာတစ်ခုရှိရင်လည်း မရရအောင် အစွမ်းကုန်ကြိုးစား ရအောင်လုပ်။ အစွမ်းကုန်ကြိုးစားလို့မှ မရဘူးဆိုရင်တော့လည်း ချဉ်လိုက်တော့။ ထိုင်ရုံထိုင်ပြီး ချဉ်နေရင်တော့လည်း...

ခင်မင်စွာဖြင့်
အညီအမျှချစ်တဲ့ သီဟသစ်

P.S
၁) စာရေးရင်း စပျစ်သီးလေး ချဉ်လိုက် ချိုလိုက်ဖြစ်နေတတ်တဲ့ ဘလော့ဂါ ညီငယ်လေးတစ်ယောက်ကို သတိရသွားတယ်
၂) ဘလော့ဂါ ညီအစ်ကိုမောင်နှမ အားလုံးနဲ့ စာလာဖတ်ဖြစ်သူအားလုံးကို auto ခင်ပြီးသားဖြစ်ကြောင်း
၃)
Descendents ရဲ့ Sour Grapes သီချင်းလေးနားထောင်သွားပါအုံး



Hey you, new wave, come over here
You're the prettiest thing I've seen all year
Hey you, new wave, don't turn away
Close those pouty lips and listen to what I say
Why must you smoke that clove cigarette?
Why must you act like you've got a hole in you head?
Why don't you split the squares and love me instead?
You're all shiny and clean, I've seen you in my dreams
Like the Rolls Royce I can't have
Your presence makes me scream
Sour grapes - you leave such a bad taste
Sour grapes - I don't need you anyways
Sour grapes - feeding, feeding my rage
Hey you, new wave, I pity you
When you get old, what will you do?
What will you do when you turn 21?
You're cockteasing at the singles bar just for fun
What will you do when you turn 31?
What will you do when you don't know how to love anyone?
I wanted her cherry, I got sour grapes
I refuse to climb the ladder for you
I refuse to pant and paw for you
I need love, don't need no beauty queen
But still, when I look at you, I scream
Sour grapes - you leave such a bad taste
Sour grapes - I don't need you anyways
Sour grapes
Just go riding right by me on the crest of the new wave
Sour grapes - feeding, feeding my rage
Sour grapes

Bonus:
၁)ကဗျာ

ကဗျာဆရာတစ်ဦးက တခြား ကဗျာဆရာတစ်ဦးကိုပြောသည်။

"အခုအချိန်ထိ ဘယ်သူမှ မရေးဖူးတဲ့ အကြောင်းအရာကို ရေးချင်တယ်၊ ပြီးတော့ ဒီအကြောင်းအရာကို ဘယ်သူမှ နောင်မှာ မဖွဲ့စေချင်ဘူး"
"လွယ်လွယ်လေးပဲ၊ ကိုယ့်ကိုယ်ကို ဘုံမြှောက်တဲ့ ကဗျာရေးလိုက်ပေါ့"

၃)စုံထောက်ဝတ္ထူ
ရုံးအဖွဲ့မှူးက စာရေးမောင်မြကို မေးသည်။

"ဟေ့ မောင်မြ၊ ရုံးချိန်အတွင်းမှာ ဘာလို့ စုံထောက်ဝတ္ထူတွေကို ဖတ်နေရတာလဲ"
"ရုံးထဲမှာ ဆူညံလွန်းတော့ စာကြီးပေကြီးတွေကို အာရုံစိုက်ဖတ်ဖို့ မလွယ်လို့ပါ"

Tuesday, July 21, 2009

… ဆိုတာ

ဝဋ်ဆိုတာ
အင်း.. အရင်ဘ၀ ဘုရင်ဖြစ်ခဲ့တုန်းက ကိုယ့်တိုင်းသူပြည်သားတွေ ကိုယ့်နိုင်ငံထဲမှာ နေလို့မရအောင် လုပ်ခဲ့ဖူးသလားမသိ။ နေ၀င်မီးဖြတ်လုပ်ခဲ့ဖူးသလားမသိ။ အကောက်ခွန်တော်တွေ များများဆက်စေလို့များ အမိန့်ချခဲ့ဖူးလားမသိ။…မသိ။..မသိ။

သနားတယ်ဆိုတာ
အလွယ်ဆုံးလို့ထင်တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ထက်နိမ့်တဲ့သူကို သနားရတာ အားလုံးလုပ်နိုင်တယ်လေ။ မုဒိတာပွားဖို့တော့ တယ်ခက်တာ။ သီဟသစ် ဒီရောက်ခါစက အလုပ်က offer ရပြီး pass က တန်းမကျသေး၊ ၂ ပတ်လောက်စောင့်နေရချိန် အတူနေတဲ့သူတစ်ချို့က သနားပါတယ်ပေါ့။ pass လည်းကျ၊ အလုပ်လည်းဝင်ရော စကားတောင်ကောင်းကောင်း မပြောတော့ဘူး။ ကိုယ်ကိုယ်တိုင် အဲလိုစိတ်တွေ တစ်ခါတစ်လေ ပေါ်တတ်လို့ ကိုယ့်ကိုယ်ကို ဆုံးမရပါတယ်။

စိတ်ချမ်းသာတယ်ဆိုတာ
တစ်ခါတစ်လေကျတော့လည်း စိတ်အလိုတွေလိုက်နေတိုင်း စိတ်ချမ်းသာတာ မဟုတ်ပါဘူး။ ကိုယ်တကယ်လုပ်စရာ တစ်ခုခုရှိနေတာကို မလုပ်မိရင်လည်း မသိစိတ်က ပူလောင်နေပြန်ရော။ အဲဒီတော့ လုပ်ချင်တာနဲ့ လုပ်သင့်တာလေးတွေ တွဲလုပ်ရမှာပေါ့လေ။ လုပ်ချင်တာတွေ အရင်လုပ်ပြီး လုပ်သင့်တာ လုပ်တဲ့အချိန်ငိုက်နေတော့လည်း ခက်သားလား။

စွံတယ်ဆိုတာ
(ရေးတော့ရေးဖို့ပဲ။ စာအကြမ်းထဲမှာ ရိုက်ပြီးသား။ တကယ်ရေးရင် Feminist တွေနဲ့ ဖိုက်နေရမှာစိုးလို့ ထားခဲ့ပြီ)

ဘလော့ရေးတယ်ဆိုတာ
ကိုယ့်စိတ်ထဲမှာ စဉ်းစားမိတဲ့ အကြောင်းအရာလေးတွေ ပျောက်ပျက်မသွားအောင်၊ ကိုယ်ထပ်ခါထပ်ခါတွေးနေမိတဲ့ အရာလေးတွေ မတွေးမိတော့အောင်၊ အတွေ့အကြုံလေးတွေ မျှဝေရအောင် အဲဒီရည်ရွယ်ချက်လေးနဲ့ပဲ ရေးပါတယ်။

ကဲစာဖတ်ဖြစ်တဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ဆိုတာတွေကရော…

ခင်မင်စွာဖြင့်
သီဟသစ်

Bonus
၁)ဆုံးဖြတ်ချက်

စာရေးမောင်မြက သူ့အရာရှိအကြောင်း မိတ်ဆွေများအား ပြောပြသည်။

"ကျွန်တော့ဆရာဟာ ဆုံးဖြတ်ချက်မချခင် ပတ်သက်တဲ့ အချက်အလက်မှန်သမျှကို ဂရုတစိုက်ကြည့်တယ်၊ အနုလုံပဋိလုံ စဉ်းစားတယ်၊ အဲဒီနောက်မှ ခေါင်းပန်းလှန်ပြီး ဆုံးဖြတ်တယ်"

၂)တော်တဲ့ပုံ မဆောင်စမ်းပါနဲ့

ပင်လယ်ကမ်းစပ်တွင် ကိုချုချာ ငါးမျှားနေသည်။ ရုတ်တရက် အမေရိကန် ရေငုပ်သင်္ဘောပေါ်လာသည်။ အမေရိကန် ရေတပ်ဗိုလ်ကမေးသည်။

"ဟဲလို ဆိုဗီယက် စစ်သင်္ဘော ဘယ်ဘက်ကို မောင်းသွားသလဲ၊ မြင်လိုက်ရင် ညွှန်စမ်းပါ။"

ကိုချုချာ လက်ညှိးညွှန်ပြသည်။

"North West ပဲ၊ Thank you"

အနောက်မြောက်ဘက်သို့ ဦးတည်ကာမောင်းရန် အမေရိကန် ရေငုပ်သင်္ဘော ကပ္ပတိန် အမိန့်ပေးလိုက်သည်။ မကြာမီ ဆိုဗီယက်ရေငုပ်သင်္ဘောပေါ်လာသည်။ ချူချာကိုမေးသည်။

"ဟေ့ ရဲဘော်ချူချာ၊ အမေရိကန် ရေငုပ်သင်္ဘော ဘယ်ကိုထွက်သွားသလဲဗျ"

"North West "
"ဟာ သူများအထင်ကြီးအောင် ရွတ်ပြမနေစမ်းပါနဲ့ လက်ညှိးနဲ့သာ ညွှန်စမ်းပါ"

Thursday, July 16, 2009

ပြောချင်ခဲ့သော စကားလုံးများ

အလုပ်ထဲမှာ တစ်ခါတစ်လေ Customer က ကိုယ့်ကိုရစ်လာရင် (သို့) မန်နေဂျာက စကားလာပြောရင် ပြန်ပြန်ပြောချင်တဲ့ စကားလုံးတွေ ရှိတယ်။ တကယ်ပြောလိုက်ရင် မိတ်ပျက်သွားမှာ စိုးလို့ ဘလော့ထဲမှာပဲ ချရေးလိုက်တော့တယ်။

Customer: If I am not wrong, it should be..
ThihaThit: No you are wrong


သူတို့ ပြောတာနားလည်လား လာမေးရင်

Manager: You know where I am coming from
ThihaThit: I know, you are coming from Singapore.


သီဟသစ်ရေးထားတဲ့ Software က error တက်လို့ ဆိုပြီးပြောလာတယ်

Customer: Because of the error in your software, the users are not happy, my boss is not also happy.
ThihaThit: If so, you should tell them to drink Beer.


အထက်မှာ ရေးထားတဲ့ဟာတွေကတော့ စိတ်ထဲကပဲ ပြောခဲ့တာပါ။
မန်နေဂျာက သီဟသစ်ကို စနေ၊ တနင်္ဂနွေ ပါ အိမ်မှာ အလုပ်လုပ်ခိုင်းပါတယ်။ သီဟသစ်လည်း I am not superman like you. ဆိုပြီး ပြန်ပြောလိုက်ပါတယ်။

စာလာဖတ်ဖြစ်တဲ့ ညီအစ်ကို မောင်နှမတွေလည်း ပြောချင်ခဲ့တဲ့ စကားလုံးလေးတွေရှိရင် Comments ထဲမှာ ရေးပေးသွားကြပါဗျို့…..။

ခင်မင်စွာဖြင့်
သီဟသစ်

Bonus:

၁) မပေးရင် မပေးဘူးပြော


"ငါ့ကို ငွေတစ်ရာလောက် ချေးစမ်းပါကွာ"
"ပဲရစ်က ပြန်လာမှ ယူကွာ"

"ဘာလဲ၊ မင်းပြင်သစ်သွားမလို့လား"
"စိတ်တောင်မကူးဘူး"

၂)ကျွန်မပါပဲ

"တရားသူကြီးရှင့် ကျွန်မမှာ အပြစ်မရှိပါဘူး၊ ကျမ်းကျိန်ပြီးပြောရဲပါတယ်"

"ဒါပေမယ့် အထောက်အထား အချက်အလက်တွေက အပြစ်ရှိကြောင်း ညွှန်းနေပါလား၊ ဟောဒီမှာ သက်သေတစ်ယောက်ရဲ့ ထွက်ဆိုချက်ထဲမှာ အတိအကျ ဆိုထားတယ်၊ 'ငယ်ရွယ်နုပျိုရုံမက မည်သူမှ မတုနိုင်သော ဆင်မယဉ်သာ လျှောက်ဟန်မျိုးဖြင့် အချိုးကျန ပြေပြစ်လှသော အမျိုးသမီး' တဲ့"

"ဟုတ်ကဲ့၊ အဲဒါဆို ကျွန်မပါပဲ"

Tuesday, July 14, 2009

ဖတ်ဖြစ်တဲ့စာအုပ်များ (၁) - ပန်းကြာဝတ်မှုန်



Credits to http://www.ourmandalay.net/index.php/2008-11-13-10-32-09/130-2009-01-08-07-21-01

For Book : Credits to ကိုရွာသား

တကယ်တော့ ဒီစာအုပ်လေးကို ကျောင်းတော်ကြီးရဲ့ အလယ်မှာ မရေးခင်ဖတ်ဖြစ်ရင် ပိုကောင်းမှာပဲလို့ တွေးမိတယ်။ ဆရာမက သူ့ရဲ့ မန္တလေး တက္ကသိုလ်ကျောင်းသား ဘ၀ကို အခြေခံပြီးရေးထားတဲ့ ဇာတ်လမ်းလေးပါ။ ၁၉၈၀ လောက်က အကြောင်းကို အခြေခံပြီး ရေးထားတာပေမယ့် ပတ်ဝန်းကျင်က ကိုယ်နဲ့ ရင်းနှီးခဲ့တဲ့ ပတ်ဝန်းကျင်ဆိုတော့ ဖတ်ရတာ လွမ်းစရာပါ။

မြင်းခြံကနေ မန္တလေးကို ကျောင်းလာတက်တဲ့ ကျောင်းသူလေးနဲ့ ကလောက ကျောင်းလာတက်တဲ့ ကျောင်းသားလေးတို့ အကြောင်းရေးထားတာပါ။ မြန်မာစာမေဂျာက ကျောင်းသားနဲ့ စာဖတ်ဝါသနာပါတဲ့ ကျောင်းသူအကြောင်းဆိုတော့ တစ်လျှောက်လုံးမှာ ကဗျာလေးတွေ ထည့်ပေးထားတယ်။ တကယ်တော့ ဆရာမကြီး ကြည်အေး ၀တ္ထူတွေကို သိပ်မကြိုက်ပါဘူး။ ကဗျာတွေကတော့ ဒီစာအုပ်ထဲမှာ ထည့်ထားမှ ဖတ်ဖူးတာ။ သူ့နေရာနဲ့သူ ကဗျာလေးတွေသုံးသွားတာ ကဗျာလေးတွေကို တော်တော်ကြိုက်သွားတယ်။

အဓိက ဇာတ်လိုက် ၂ ယောက်က ကျောင်းမှာတုန်းက မပွင့်လင်းဖြစ်ခဲ့ကြ၊ ကျောင်းပြီးပြီး အနှစ် ၂၀ ကျော်ကြာမှ ဇာတ်လိုက် အမျိုးသားက US ကခဏပြန်လာ၊ အမျိုးသမီးနဲ့ ပြန်တွေ့.. နည်းနည်းတော့ စိတ်ကူးယဉ်ဆန်သလိုရှိပေမယ့် ဆရာမက တကယ့်အဖြစ်အပျက်ကို အခြေံပြီးရေးထားတာလို့ ဆိုပါတယ်။

တကယ်တော့ စာအုပ်ကို Review သဘောမျိုး ရေးချင်ပေမယ့် အကြည်တော် ၀တ္ထူ ထဲက စာပေဝေဖန်ရေးလို ဖြစ်နေမှာစိုးလို့ ရေးတတ်သလို ရေးလိုက်ပါတယ်။ (အဲဒီအထဲမှာ စာအုပ်တစ်အုပ်လုံးကို ကူးချပြီးမှ ဆရာမကြီး ဤသို့ရေးထားတာကို ဝေဖန်လိုက်ရပေသည် ဆိုတာမျိုး)

စာအုပ်ထဲက ကြိုက်မိတဲ့ စာသားတွေ၊ ကဗျာလေးတွေကို ကူးရိုက်ထားတာပါ။

မိန်းမသားဆိုတာ မျက်ရည်ကျကောင်းတယ်၊ ဒါမိန်းမသားတွေရဲ့ ဗီဇက ပါလာတဲ့ ကိစ္စ… ဒါပေမယ့် ပျော့ညံ့တာ မဖြစ်စေရဘူး။ မျက်ရည်ကျခြင်းအားဖြင့် နောက်တစ်ခါ လုပ်ရမည့်အလုပ်အတွက် နောက်တစ်ခါ ရင်ဆိုင်ရမည့် အတွေ့အကြုံတစ်ခုအတွက် အားဖြစ်ဖို့လိုတယ်။ မေမေကတော့ မျက်ရည်နဲ့အားယူတယ်(စာမျက်နှာ ၁၄)

မိန်းမသားဟာ ခင်ပွန်းဖြစ်သူရဲ့ အောင်မြင်ကြီးပွားမှုဟာ သူ့ကြောင့်လို့ ထင်စေချင်ပြီး၊ ယောက်ျားသားကတော့ သူရှာဖွေထားတဲ့ အောင်မြင်ကြီးပွားမှုဟာ သူ့အတွက် မဟုတ်ဘူးဆိုတာနဲ့ လုံလောက်တယ် ထင်နေတတ်သတဲ့ (စာမျက်နှာ ၆၆)

ခုံမင်ချစ်မွေ့၊ အိမ်သားစေ့ငှ
တွေ့ကြုံဆုံမြဲ၊ အိမ်ပြန်ပွဲ၌
ကြေကွဲဖုံးဝှက်၊ ငါချည်းသက်သက်
အိမ်လွမ်းခက်လှ…
(ကြည်အေး - စာမျက်နှာ ၈၀)

တွယ်ငြိခြင်းသည်
ဆင်းရဲအစ၊ သံသာရဟု
ချမ်းမြသိလည်း၊ တွယ်ငြိမြဲပင်
ရဲဝံ့သည်လား၊ ကြောက်သည်လားဟု..
(ကြည်အေး - စာမျက်နှာ ၉၅)

သူ့အပြုံးက နှလုံးစွဲစိမ့်
ရင်တွင်းငြိမ့်ငဲ့ ဖိုသိမ့်ကြက်သီး
ချမ်းမပြီးဘူး…။
ယောင်တီးယောင်တ ရပ်ရမလို
နှုတ်ချိုခွန်းစ ဆက်ရမလို
သူ့ကိုသာမှတ်ပြုံးရုံတတ်သည်.. (ကြည်အေး - စာမျက်နှာ ၁၄၂)

ရှင်ဟာ ဥသြငှက်ကိုတောင် ခေါ်မလာဝံ့တဲ့ နွေဦးမျိုးပဲ.. (စာမျက်နှာ ၄၁၆)


အသက်အရွယ်ကြောင့် ဇွတ်ကြီး လူကြီးမဆန်ချင်ပါဘူး..လူကြီးဆန်တယ်ဆိုတာ ရင့်ကျက်ဟန် ဆောင်တာ တစ်မျိုးပါ..ခံစားမှုရှိတဲ့အတိုင်း ပြောတယ်… နေတယ်။ ငိုစရာရှိ ငိုမယ်.. ရယ်စရာရှိ ရယ်မယ်..
(စာမျက်နှာ ၄၃၉)


ခင်မင်စွာဖြင့်
သီဟသစ်

P.S ခုရက်ပိုင်း stress နည်းနည်းများနေလို့ ဘလော့မလည်ဖြစ်တာ ခွင့်လွှတ်ပါရန် :)

Thursday, July 9, 2009

ခိုင်မာခြင်း

ချန်းချန်လေးရဲ့ Photo တွေကို ဟိုက ပို့ပေးလိုက်လို့ရပါပြီ။ အရင်က သားလေးရဲ့ နာမည်ပေးတဲ့ပို့စ်မှာ နာမည်ပေးသွားခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေကို ကျေးဇူးတင်ကြောင်း ထပ်ပြောပါရစေ။ သားလေးရဲ့ နာမည်က မောင်လင်းသန့်ပိုင် လို့ပေးထားပါတယ်။ ကျွန်တော်နှင့် နှင်းဆီဖြူလေး တို့ရဲ့ နာမည် တစ်လုံးစီပါပါတယ်။

ချန်းချင်လေးက သီဟသစ်ရဲ့ ဖေဖေ နှင့် မေမေ တို့ အတွက် မြေးဦးပါ။ သီဟသစ်က အစ်မသုံးယောက်နဲ့ သားအငယ်ဆုံးဆိုတော့ နဂိုကတော့ အိမ်မှာ VIP ပေါ့။ ခုတော့ အဲဒီနေရာက ချန်းချင်လေး အတွက် ဖြစ်သွားပါပြီ။ အမေကတော့ သားအတွက်တင်မက မြေးအတွက်ပါ အဓိဋ္ဌာန် ပိုလုပ်ပေးနေရပြီပေါ့။

နှင်းဆီဖြူတို့ အိမ်အတွက်တော့ ဒုတိယမြေးပေါ့။ နှင်းဆီဖြူလေးရဲ့ အစ်မက သမီးလေး မွေးထားတာ၊ အဲဒီကလေးလေး အိမ်နာမည်က စိမ်းစိမ်းတဲ့။ သူတို့က တရုတ်လို ပေးထားတာ။ မြန်မာလိုက “အစစ်” တဲ့။ အဲဒါနဲ့ ချန်းချင်လေး ကိုယ်ဝန်ရှိလာတော့ သူတို့က အိမ်နာမည်ကြိုပေးတယ်။ ကျားကျာတဲ့။ အဲဒါ ဘာအဓိပ္ပါယ်လဲလို့ နှင်းဆီဖြူကို မေးကြည့်တော့ “အတု”တဲ့။ သီဟသစ်ကတော့ ဘယ်ရမလဲ ငါ့ကလေးကျမှ ဒီနာမည်ကြီးပေးရတယ်လို့ အဲဒီရက်ပိုင်းက နှင်းဆီဖြူ သူ့အမားဆီ ဖုန်းခေါ်ရင် စကားဝင်မပြောဘူး။ နောက်တော့မှ နှင်းဆီဖြူလေးက ချန်းချင်ဆိုတဲ့ အိမ်နာမည်လေး စဉ်းစားပေးတယ်။ တည်ကြည်ခြင်း ခိုင်မာခြင်းလို့ အဓိပ္ပါယ်ရတယ်လို့ ပြောပါတယ်။

သားလေးမွေးဖို့ နေ့ရွေးတော့ သီဟသစ်က တနင်္ဂနွေဆို စိတ်ကောက်တတ်တယ် မကောင်းဘူး ဆိုပြီး နှင်းဆီဖြူကို စပါတယ်။ သူကတနင်္ဂနွေ သမီးကိုး။ သူကလဲ သောကြာဆို စကားများတယ် အကောင်းကြိုက်တယ် ဆိုပြီး မရွေးဘူး။ အဲဒါနဲ့ သားလေးက ကြာသာပတေးသား ဖြစ်လာတာပေါ့။ ကြာသာပတေးက သီဟသစ်ရဲ့ lucky dayလေ။

သားလေးက သီဟသစ်နဲ့ တော်တော်တူတယ် ပြောကြတယ်ဗျ။ နှင်းဆီဖြူရဲ့အမားကဆို ကလေးဓါတ်ပုံပို့စရာ မလိုပါဘူး၊ ကိုယ့်ကိုယ်ကိုသာ မှန်ထဲပြန်ကြည့်တော့တဲ့။ နှင်းဆီဖြူရဲ့ သူငယ်ချင်းတစ်ယောက်ကလဲ သူ့ကလေး ဟုတ်လား မေးသွားဆိုပဲ။ အဲဒါနဲ့ နှင်းဆီဖြူကတောင် သူနဲ့သိပ်မတူလို့ အဖေဖြစ်သူ မရိုးသားဘူးဆိုပြီး (မင်းလူရဲ့ လှထုံလို) စနေသေးတယ်။

သားလေးက မျက်နှာအရမ်းချိုတယ်တဲ့ဗျ။ မနက်အိပ်ရာနိုးလာလို့ သူ့ကိုလှမ်းခေါ်ရင် ပြုံးပြတယ်တဲ့။ နေ့နဲ့ညကိုလဲ ခွဲသိသွားပြီတဲ့။ တော်တော်လည်းထွားလာပါတယ်။

ကဲလေ စကားတွေ မရှည်တော့ပါဘူး။ သားလေးရဲ့ Photos တွေကို ကြည့်ပေးပါအုံး။


ဘာတွေကြည့်နေလဲ ကိုယ့်လူ



ခင်မင်စွာဖြင့်
သီဟသစ်

Bonus:
၁) တက္ကသိုလ် ၀င်ခွင့်ဖြေတဲ့ အားပန်

အားပန်တစ်ယောက် ၀င်ခွင့်စာမေးပွဲတွင် ကောင်းကောင်းမဖြေနိုင်ခဲ့ပေ။ ပါမောက္ခက လူတွေ့အင်တာဗျူးတွင် အားပန်ကိုပြောသည်။

Professor: မောင်ရင်ဖြေထားတာတွေ သိပ်အားမရဘူးကွ။ အဲဒီတော့ ခုအင်တာဗျူးမှာ မေးခွန်း ၃ ခုမေးမယ်။ တစ်ခုဖြေနိုင်ရင် မင်းကျောင်းဝင်ခွင့်ရပြီ။ ကဲပထမမေးခွန်းမေးမယ်။ တစ်နှစ်မှာ seconds ဘယ်လောက်ရှိလဲ
Ah Beng: လွယ်ပါတယ် ဆရာ 12 seconds ပါ။

Professor: ဆောရီး အားပန်၊ မင်းမှားတယ်ကွ၊ ဒါနဲ့ တစ်နှစ်မှာ 12 seconds ဘယ်လိုရသလဲ
Ah Beng: Jan 2nd , Feb 2nd, March 2nd ….

Professor: ထားပါတော့လေ။ မင်းတွေးတာ သူများနဲ့ မတူဘူးပဲ။ ကနောက်တစ်ခုမေးမယ်။ Rudolf and the Rednose reindeer(ခရစ်စမတ်သီချင်း) မှာ D ဘယ်နှစ်လုံးပါလဲ။

အားပန် ခဏစဉ်းစားပြီး သီချင်းကို ညည်းကြည့်သည်။ ထို့နောက် လျင်မြန်စွာဖြေသည်။

"D 56 လုံးပါပါတယ်ဆရာ"

ပါမောက္ခ အံ့အားသင့်စွာမေးသည်။

Professor: ဘယ်လို ရသလဲကွ

အားပန်က သံစဉ်အတိုင်းဆိုပြီးပြောသည်။

Ah Beng: Deee, deee, deee, deee, deee.deeee, ddeee………
Professor: အေးပါလေ ထားပါတော့၊ မင်းအတွက် နောက်ဆုံးအခွင့်အရေး ရှိသေးတယ်။ တစ်ပတ်မှာ T ဘယ်နှစ်လုံးပါသလဲ။

အားပန်ပြန်ဖြေသည်။

Ah Beng: ရိုးရိုးလေးပါဆရာ၊ T နှစ်လုံးပါပါတယ်။
Professor: အင်း…၊နောက်ဆုံးတော့ မင်းမှန်သွားပြီပဲ။ ဆရာတို့ကျောင်းကို ၀င်ခွင့်ရပါပြီ။ ဒါနဲ့ T နှစ်လုံးဘယ်လိုရသလဲ

Ah Beng: “Oh. Vely simple only. Today and Tomorrow lah”


၂) ပေးသင့်တာပေါ့

လေယာဉ်ပျံကို ပထမဆုံးအကြိမ် စီးလာသော ခရီးသည်က လေယာဉ်မယ်ကို ပြောသည်။

"ခရီးသည်တွေကို လေထီးထုတ်မပေးဘူးလား"
"မပေးပါဘူး"

"သင်္ဘောတွေမှာ ခရီးသည်တွေကို သက်ကယ်အိတ် ထုတ်ပေးထားတာပဲ"
"ဒါသင်္ဘောမှ မဟုတ်ဘဲ"

"ထူးဆန်းတယ်နော်၊ ပျံတတ်တဲ့လူတွေထက် ရေကူးတတ်တဲ့လူက ပိုများတယ် မဟုတ်လားရှင့်"