Sunday, June 5, 2016

စူရမ်ဘုရင်ရဲ့ တရုတ်ပြည် ခရီး (စင်္ကာပူ ပုံပြင်)

တခါတုန်းက အိန္ဒိယပြည်မှာ စူရမ်ဆိုတဲ့ ဘုရင်တပါး စိုးစံသတဲ့။ သူ့လက်ထက်မှာ အားကောင်းတဲ့ နိုင်ငံတော်တည်ထောင်ပြီး ဘေးနားက နိုင်ငံငယ်တွေကို သိမ်း၊ သူ့ကို အခွန်တွေဆက်ပြီး လာခစားစေသတဲ့။ ဒါပေမယ့် သူ့သြဇာကို လက်မခံတဲ့ ဘုရင်တပါး ရှိနေသတဲ့။ သူကတော့ တရုတ် ဧကရာဇ်ပေါ့ကွယ်။ အဲဒါကို စူရမ်သိတော့ သိပ်ဒေါသထွက်၊ အားကြီးတဲ့ စစ်တပ်ဖွဲ့ပြီး တရုတ်ပြည်ကို သိမ်းမယ်ဆိုပြီး စစ်ချီလာကြသတဲ့ကွယ်။

ပြဿ နာ တခုက တရုတ်ပြည် ဘယ်နားလဲ ဆိုတာ သူမသိဘူးတဲ့ကွယ်။ တောင်ဘက်ပိုင်းမှာလို့ သူထင်ပြီး ကမ်းရိုးတန်း အတိုင်း မြန်မာပြည်၊ ထိုင်း၊ မလေးရှားကို ဖြတ်ပြီး အစွန်ဆုံး ခုစင်္ကာပူ နေရာ ရောက်လာသတဲ့။ အဲဒီတုန်းကတော့ တီမားဆက်လို့ နာမည်တွင်သတဲ့။

ကုန်းကြောင်းဆက်ချီတက်လို့ မရတော့ဘူး ဆိုတော့ ဆက်သွားဖို့ သင်္ဘောတွေ အများကြီး ဆောက်ခိုင်းသတဲ့။ ဒါပေမယ့် တရုတ်ပြည်ကို ဘယ်လမ်းကြောင်းအတိုင်း ဘယ်လောက်ကြာအောင် သွားရမယ်ဆိုတာ မသိသေးဘူးတဲ့။

စူရမ်ဘုရင်ရဲ့ သတင်းကို ကြားရတဲ့ တရုတ် ဧကရာဇ်က စိတ်ပူနေတာပေါ့။ ပညာရှိ သုခမိန်ကြီးက သူရဲ့ စိတ်ကူးကို ပြောပြသတဲ့။ ဧကရာဇ်လည်း သဘောကျတယ်တဲ့။ နောက်ရက်ကျတော့ သုခမိန်ကြီးက တီမားဆက် သွားဖို့ သင်္ဘောတစီးလိုက်ရှာတယ်။ အသစ်မဖြစ်ရဘူး၊ အိုဟောင်းပြီး သွားရတယ် ဆိုရုံဟာမျိုးပေါ့။ သင်္ဘောသားတွေကလည်း အသက်ကြီးကြီးတွေ ရွေးထားတာတဲ့။ သင်္ဘောပေါ်မှာလည်း အသီးပင်ကြီးတွေ မြေအိုးထဲ ထည့်စိုက်သယ်လာခိုင်းသတဲ့။ ပြီးတော့ အပ်အဟောင်းတွေလည်း အများကြီး သယ်လာခိုင်းသတဲ့။ လူတွေကတော့ နားမလည်နိုင်ကြဘူးပေါ့။

နောက်ရက်တော်တော်ကြာမှာတော့ ဒီသင်္ဘောအိုကြီးဟာ တီမားဆက်ကို ဆိုက်ပါလေရောတဲ့ကွယ်။ သင်္ဘောပေါ်မှာ အပင်တွေပေါက်နေတဲ့ သင်္ဘောသားအဘိုးတွေပါတဲ့ ထူးဆန်းတဲ့ သင်္ဘောကြီးကို လူတွေကြည့်ပြီး ရယ်နေကြတာပေါ့။ စူရမ်ဘုရင်ကြီးလည်း သတင်းကြားတော့ လာကြည့်သတဲ့။

ဒီလူတွေ ဘယ်ကလာကြသလဲ မေးတော့ အသက်အကြီးဆုံး သင်္ဘောသားကြီးက သူတို့က တရုတ်ပြည်ကလာကြောင်း၊ စထွက်လာတုန်းက သူတို့တွေဟာ လူငယ်လေးတွေ ဖြစ်ကြောင်း၊ မျိုးစေ့တွေနဲ့ သံချောင်းကြီးတွေ သယ်လာကြောင်း၊ ခရီးဝေးလွန်းလို့ သူတို့လည်း အသက်တွေကြီး၊ မျိုးစေ့တွေလည်း အပင်ပေါက်ရုံမက အပင်ကြီးတွေ ဖြစ်နေ၊ သံချောင်းတွေလည်း အပ်တောင်ဖြစ်ကုန်ပြီလို့ ဖြေသတဲ့။

ဒီအဖြေကို စူရမ်ဘုရင်ကြားတော့ အင်း ခရီးအဲလောက်ဝေးရင် ငါ့စစ်သည်တွေရော ငါရော အဘိုးကြီးတွေ ဖြစ်နေပြီ၊ စစ်လည်းတိုက်နိုင်တော့မှာ မဟုတ်ဘူးဆိုပြီး သူ့နိုင်ငံကိုသူ တပ်ကိုပြန်ချီသွားပါသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်..:)

ငလက်မလေး ပုံပြင်

ဟိုးရှေးရှေးတုန်းက လင်မယား ၂ ယောက်မှာ အိမ်ထောင်သက် ကြာလာပေမယ့် ကလေး မထွန်းကားဘူးတဲ့။ ကလေးလေး ရချင်လို့ ရုက္ခစိုး နတ်မင်းကြီးဆီ သွားသွား ဆုတောင်းပေမယ့် မရတတ်ဘူးတဲ့။ အဲဒါနဲ့ ကလေးလေး ရပါရစေ၊ လက်မလောက်လေးပဲ ဖြစ်ချင်ဖြစ်ဖြစ်ဆိုပြီး ဆုတောင်းလိုက်သတဲ့။ အဲဒီအခါမှ ဆုတောင်းပြည့်သွားပြီး ကလေးလေးမွေးလာတော့ လက်မလောက်လေးပဲ ရှိသတဲ့။

ဘာပဲဖြစ်ဖြစ် သူတို့ကလေးဆိုတော့ ချစ်ကြတာပေါ့။ ငလက်မလေး ၁၆ နှစ်လောက် အရွယ်ရောက်တော့ နေရာသစ်တွေကို စွန့်စားပြီး သွားချင်ပါတယ် ဆိုပြီး မိဘတွေကို ခွင့်တောင်းသတဲ့။ မိဘတွေက သူ့အတွက် မြစ်ထဲမှာ ခရီးသွားဖို့ လှေ အဖြစ် ဟင်းချိုပန်းကန်လေး လှော်တက်အဖြစ်ဝါးတူလေး လက်နက်အဖြစ် အပ်ကလေး ထည့်ပေးလိုက် သတဲ့။

မြစ်အတိုင်းစုန်ဆင်းသွားပြီး ရွှေမြို့တော်ဆီ ရောက်သွားတော့ ငလက်မလေးက နန်းတော်ကြီးဆီသွား ဘုရင့်ဆီမှာ အမှုထမ်းလုပ်ချင်ပါတယ် သွားပြောသတဲ့။ ဘုရင့် သမီးတော်လေးက ငလက်မလေးက ချစ်စရာကောင်းတယ် ဆိုပြီး သူ့အတွက် ကစားဖော် အဖြစ်ထားပေးပါ ဆိုတော့ ဘုရင်ကြီးက ခွင့်ပြုလိုက်သတဲ့။

အဲဒီလိုနဲ့ တနေ့ မင်းသမီးလေးနဲ့ သူဥယျာဉ်တော်ထဲမှာ ကစားနေကြတုန်း ဘီလူးကြီး တကောင် ရောက်လာပြီ မင်းသမီးလေးကို ကိုက်စားမယ် လုပ်သတဲ့။ အဲဒီတော့ ငလက်မလေးက ငါကမင်းသမီးလေးရဲ့ ကိုယ်ရံတော်ကွ ငါသေမှ မင်းသူ့ကို ရမယ် ဆိုသတဲ့။ ဘီလူးကြီးက ဒီငလက်မလေးကများကွာ ဆိုပြီး ကောက်မျိုချလိုက်သတဲ့။

ငလက်မလေးက သူရဲ့လက်နက်ဖြစ်တဲ့ အပ်လေးနဲ့ ဘီလူးကြီးရဲ့ လည်ချောင်းတလျှောက် အူတလျှောက်ထိုးတာပေါ့။ ဘီလူးကြီးလည်း မခံနိုင်တော့ အမြန်ပြန်ထွေးထုတ်ပြီး ထွက်ပြေးရသတဲ့။ ဇွတ်ပြေးသွားရတော့ သူရဲ့ဆုတောင်းပြည့်အိတ်ကလေးတောင် ကျန်သွားသတဲ့။

အဲဒါလေးကို မင်းသမီးလေးက ကိုင်ကြည့်ပြီး ငလက်မလေး ပုံမှန် လူအရွယ်အတိုင်း ဖြစ်ပါစေ ဆုတောင်းလိုက်တာ ပြည့်သွားပြီး ငလက်မလေးကနေ လူချောလူခန့်လေး ဖြစ်သွားသတဲ့။ အဲဒါနဲ့ မင်းသမီးလေးနဲ့ အတူပေါင်းသွားကြပြီး ပျော်ရွှင်စွာ နေထိုင်သွားကြသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်...

Friday, June 3, 2016

မြစ်ကမ်းဘေးက သစ်ပင်အို (ဇမ်ဘီယာ ပုံပြင်)

ဟိုးရှေးရှေးတုန်းက မြစ်ကမ်းဘေးမှာ သစ်ပင်အိုကြီး တပင်ရှိသတဲ့။ မြစ်ရေတွေ တက်လိုက်ကျလိုက်၊ မုန်တိုင်းတွေထန်ခဲ့ပေမယ့်လည်း အပင်ကြီးက မလဲသွားဘူးဆိုတော့ မှော်သစ်ပင်ကြီး ထင်ကြသတဲ့။ အဲဒီသစ်ပင်ကြီးရဲ့ အခေါင်းထဲမှာ ဖျံ လေး (Otter) တကောင်နေသတဲ့။ သူက ကုန်းနေ ရေနေသတ္တဝါမို့ ရေထဲက ငါးလေးတွေကို စားသလို ပြောင်းဖူး၊ မြေပဲ၊ ဖရဲသီး ချိုချိုလေးတွေ ကြိုက်တာမို့ အနီးအနား ယာခင်းက သွားသွားခိုးစားသတဲ့။ ယာခင်းပိုင်ရှင် အဘွားနဲ့ သူ့သမီးချောလေးကတော့ စိတ်တွေတိုတာပေါ့။

အဘွားက ဒီဖျံ ကိုလည်း ဖမ်းလို့ မမိနိုင်တာမို့ စိတ်တိုပြီး ကဲဖျံနေတဲ့ မှော်သစ်ပင်ကြီးကို လှဲပစ်နိုင်တဲ့ ဘယ်သူမဆို သမီးချောလေးနဲ့ ပေးစားမယ်ဆိုပြီး သတင်းလွှင့်လိုက်သတဲ့။ နောက်ရက်မနက်မှာတော့ ခွန်အားပြည့်စုံတဲ့ လူတွေနဲ့ တိရစ္ဆာန်တွေက သစ်ပင်ကြီးနားမှာ လာစုနေကြပြီပေါ့။ (ဟိုးရှေးတုန်းက တိရစ္ဆာန်တွေနဲ့ လူတွေလည်း အိမ်ထောင်ပြုကြတာ ရှိဖူးသတဲ့)

ပထမဆုံးကတော့ သူရဲကောင်းလူချောလေးပေါ့။ သူက သူ့ရဲ့ပုဆိန်ကို တညလုံး သွေးထားခဲ့တာ မိုးကြိုးသွားလို ထက်နေပြီပေါ့။ သစ်ပင်ရှေ့မှာ မာန်ပါပါရပ် ပုဆိန်ကို အားရပါးရလွှဲပြီး ခုတ်လိုက်တာ အပင်မှာ အရာသေးသေးလေးတောင် မထင်ဘူးတဲ့။ ထပ်ခါထပ်ခါခုတ်လည်း မထူးတာမို့ လက်လျှော့ပြီး ပြန်သွားသတဲ့။

နောက်တဦးက ဆင်ကြီးပေါ့။ အပင်ကို တောင့်တင်းလှတဲ့ အစွယ်ကြီးတွေနဲ့ထောက် နှာမောင်းနဲ့ပါတ် သူရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ လှုပ်ပြီးနှဲ့သတဲ့။ အပင်က လှုပ်တောင် မလှုပ်ဘူးတဲ့။ တောဘုရင် ခြင်္သေ့ကြီးက ငါစမ်းကြည့်မကွာဆိုပြီး အသက်ပြင်းပြင်းရှူ ကြောက်စရာ အသံကြီးနဲ့ ဟိန်းဟောက်သတဲ့။ အနားက လူတွေ၊ အကောင်လေးတွေသာ လန့်သွားတာ အပင်ကတော့ ဘယ်လိုမှမနေဘူးပေါ့။ ရေမြင်းကြီးကလည်း လာလေ့ကွာ ဆိုပြီး အပင်ကြီးကို ပြေးပြေးတိုက်တာ၊ သူသာခေါင်းမူးရော အပင်က နေမြဲပဲပေါ့လေ။

အဲဒါတွေကို အသာကြည့်နေတဲ့ ယုန်လေးက အင်း.. သူတို့လုပ်တာ တခုခုတော့ လွဲနေပြီလို့ စဉ်းစားရင်း စိတ်ကူးရပြီး အကောင်အထည်ဖော်ဖို့ အိမ်ပြန်သွားသတဲ့။

နောက်နေ့မနက်စောစောမှာတော့ သူက ခွေးရယ် ဆိတ်ရယ်၊ ငုတ်တိုင် ၂ ချောင်းရယ် ၊ မြက်ကောင်းကောင်းပါတဲ့ အိတ်ရယ်၊ အသားတွေအရိုးတွေပါတဲ့ အိတ်ရယ်၊ နွယ်ကြိုးတွေရယ်နဲ့ လာသတဲ့။ သစ်ပင်နဲ့ မလှမ်းမကမ်းမြေပေါ်မှာ ငုတ်၂ချောင်းကို စိုက်၊ တချောင်းမှာ ခွေးကို နွယ်ကြိုးနဲ့ ချည်ထား၊ နောက်တချောင်းမှာ ဆိတ်ကို ချည်ထားတာပေါ့။ ခွေးရှေ့မှာ မြက်အိတ်ကိုချ၊ ဆိတ်ရှေ့မှာက အသားအိတ်ကို ချထားသတဲ့။ နေရာနည်းနည်းလှမ်းတော့ ခွေးကလည်း အသားအိတ်နေရာမရောက်နိုင်၊ ဆိတ်ကလည်း မြက်အိတ်နေရာ မရောက်နိုင်ဘူးတဲ့။ ခဏနေတော့ ဆာလာတဲ့ အခါ ၂ ကောင်သား စိတ်တိုပြီး အော်နေကြတာပေါ့။

သစ်ပင်ရဲ့ အတွင်းပိုင်း အခေါင်းထဲက ကြည့်နေတဲ့ ဖျံက ဒီယုန်တော့ ငတုံးပဲကွာ၊ မြက်ကို ခွေးရှေ့ချ၊ အသားကို ဆိတ်ရှေ့ချ ရူးများနေလားမသိ ဆိုပြီး စဉ်းစားနေရင်း ကြည့်မရတော့တာနဲ့ပဲ အပြင်ထွက်လာ မြက်အိတ်ကို ဆိတ်ရှေ့သွားချ၊ အသားအိတ်ကို ခွေးရှေ့သွားချ လုပ်ပေးသတဲ့။ အဲဒီအချိန်မှာပဲ အသင့်စောင့်နေတဲ့ အဘွားနဲ့ သမီးချောလေးက အဲဒီ အကောင်ကို ဖမ်းခေါ်သွားတာပေါ့။

ယုန်လေးကအဘွားကို သူတို့ သဘောတူထားတာ သတိရဖို့ ပြန်ပြောတာပေါ့။ အဘွားလည်း ယုန်လေးက ဥာဏ်အထက်ဆုံးမို့ သူ့သမီးလေးနဲ့ သဘောတူ ပေးစားလိုက်တာပေါ့ကွယ်။

အပင်ကြီးလား. အရင်အတိုင်းရှိသေးတာပေါ့ကွယ်။ အထဲမှာ ဘာအကောင်မှ မနေတော့တာ တခုပဲ။